ကချင်ပြည်နယ် ဖားကန့်ဒေသခံများအတွက် အကျိုးအမြတ်မရရှိသည့် ကျောက်တူးဖော်ရေး လုပ်ငန်းအားလုံးကို အစိုးရသစ် လက် ထက်တွင် ရပ်ဆိုင်းပေးရန် ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်သည်။
ယနေ့ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ပြုလုပ်သည့် “စက်ယန္တရားများအောက်က အသက်ငင်နေသော ဖားကန့်”သတင်းစာ ရှင်း လင်းပွဲတွင် တောင်းဆိုခြင်း ဖြစ်သည်။
ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးလမောင်လတောင်က“ဖားကန့် သဘာဝပတ်ဝန်းကျင်ဟာ အရမ်း ပျက်စီးနေပါပြီ။ ကျနော့်အနေနဲ့ အစိုးရသစ်ကို တောင်းဆိုချင်တာက ဖားကန့်ဒေသမှာရှိတဲ့ ကုမ္ပဏီတွေအားလုံးကို လုံးဝ ပိတ်ပင်ပေးဖို့၊ ရပ်ဆိုင်းသွားတဲ့အထိ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများသည် ဥပဒေမဲ့၊ စည်းကမ်းမဲ့ မြေစာများ စွန့်ပစ်မှုကြောင့် မြေစာပုံများ မကြာခဏ ပြိုကျပြီး လူပေါင်းများစွာ သေဆုံးမှု ဖြစ်နေကြောင်း၊ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများအတွက် ကျူးလွန်သည့်ကုမ္ပဏီမျာအား ထိရောက်စွာ အရေးယူပေးရန်လည်း ဦးလမောင်လတောင်က ပြောဆိုသည်။
ကျောက်မျက် ကုမ္ပဏီများသည် ဥပဒေချိုးဖောက် တူးဖော်မှုကြောင့် ယင်းဒေသရှိ မြစ်ချောင်းများ သဘာဝပတ်ဝန်းကျင် သံယံဇာတ များ ပျက်စီးဆုံးရှုံး၍ နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေကြောင်း၊ ဥပဒေချိုးဖောက်သည့် ကုမ္ပဏီများကို လွတ်လပ်သည့် စုံစမ်းစစ်ဆေး ရေး ကော်မတီတရပ် ဖွဲ့၍ စစ်ဆေးပေးရန်လည်း တက်လာမည့် အစိုးရသစ်ကို တောင်းဆိုချင်ကြောင်း ဦးလမောင်လတောင်က ဆက် ပြောသည်။
ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အမျိုးသမီးရေးရာ လုပ်ဆောင်နေသည့် ဒေါ်ကိုင်ရာကလည်း“မြေစာတင်တဲ့ကားတွေ စည်း မဲ့ ကမ်းမဲ့မောင်းတဲ့အတွက် ဒေသခံတွေသေဆုံးမှုက မနည်းတော့ဘူး။ မြေစာပုံ ပြိုတဲ့အတွက်လည်း ရေမဆေးကျောက်ရှာတဲ့ သူတွေ ခဏခဏ သေနေတယ်။ ဖားကန့်မှာ နေ့တိုင်းလိုလို သေမှုသေခင်းတွေ ကြားနေရတယ်”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကာလ အပြီးတွင် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်မှု အရှိန်မြင့်တက်လာကြောင်း၊ ဘက်ဖိုးကား အများအပြား ဝင်ရောက်လာပြီး လူသွားလမ်းပေါ် စည်းကမ်းမဲ့မောင်းနှင် နေမှုကြောင့် ဒေသခံ ပြည်သူများအတွက် အန္တရာယ်များစွာ ကြုံတွေ့နေကြောင်းလည်း ဒေါ်ကိုင်ရာက ဆိုသည်။
ဖားကန့်ဒေသရှိ သက်ဆိုင်ရာ အာဏာပိုင်များသည် ဘက်ဖိုးကားများက ဒေသခံကို ကြိတ်သည့်ကိစ္စ။ မြေစာပုံပြိုပြီး ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးသည့်ကိစ္စကို မကာကွယ် မတားဆီးသည့်အပြင် လုပ်ချင်တိုင်း လုပ်ဆောင်နေကြောင်း ဖားကန့်ဒေသခံများကလည်း ပြောဆိုကြသည်။
ဖားကန့်ဒေသအတွင်း မြေစာသယ်ကားများ မြို့ရွာထဲ ဖြတ်သန်းမှုကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်း၊ မြေစာပုံ စည်းကမ်းမဲ့ စွန့်ပစ် မှုကြောင့် ချောင်းများ တိမ်ကောသွားကြောင်း၊ ယခု ၄လအတွင်း ဖားကန့်မြို့နယ်တွင် မြေစာပုံ ပြိုကျမှု ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး မြေသယ်ကား ကြိတ်မိ၍ သေဆုံးသူဦးရေ ၂၅ ဦး ခန့်ရှိကြောင်း သိရသည်။