ပဲခူးတိုင်း သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော မြစ်မခမြစ်၏ တာပေါင်သည် ယခင်နှစ်မိုးရာသီ အတွင်း ရေကြီးမှုကြောင့် ကျိုးပျက်မှုဖြစ်ပွားခဲ့သဖြင့် လာမည့်မိုးရာသီမတိုင်မီ ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်နေသည်ဟု ဒေသခံ တောင် သူ များက ပြောဆိုသည်။
အဆိုပါတာပေါင်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မိုးတွင်းကာလ ရေကြီးစဉ်က ၂ မိုင် အတွင်း၌ တာကျိုးပေါက်မှု ၁၄ နေရာဖြစ်ပွားခဲ့ပြီး စိုက်ပျိုးထားသည့် လယ်မြေဧက ၇ ထောင်နီးပါး ရေနစ်မြုပ်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု မိုးညိုမြို့နယ် အင်းပွားကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်က ဧရာဝတီကို ပြောပြသည်။
“မနှစ်က မိုးတွင်းရေကြီးတုန်း ဒီတာကျိုးလို့ ကျနော်တို့ရဲ့ စပါး၊ နှမ်းစိုက်ခင်း ဧက ၇ ထောင်လောက် ဆုံးရှုံးသွားပါတယ်။ အဲဒီလို ဆုံးရှုံးသွားတဲ့အပြင် လူနေမှုတွေမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ လာမယ့် နောက်တလခွဲဆို မိုးက ကျပါပြီ။ အဲဒါကြောင့်မို့ ဒီတာရိုး တွေကို အချိန်မီ တည်ဆောက် ပေးစေချင်ပါတယ်။ အချိန်မီ မပြင်နိုင်ရင်တော့ ဒီနှစ်မိုးတွင်းမှာ တောင်သူတွေ ဘာမှလုပ်စားလို့ ရမှာမဟုတ်ဘူး။ စားဝတ်နေရေးအတွက် အားလုံးဒုက္ခ ရောက်ကုန်မှာ”ဟုလည်း ဦးသောင်းမြင့်က ပြောသည်။
မြစ်မခမြစ်သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တခုဖြစ်ပြီး နှစ်စဉ်မိုးတွင်းကာလ ရောက်ချိန်တိုင်း ပဲခူးရိုးမ မှ တောင်ကျရေနှင့် ဧရာဝတီမြစ်ရေ တက်ချိန်များတွင် မြစ်တွင်းမှရေများသည် စိုက်ခင်းများအတွင်းသို့ ဝင်ရောက်လာသဖြင့် ရေဝင်ရောက်မှုအား ကာကွယ်နိုင်ရန် မြေသားတာတမံကို ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်က ကြို့ပင်ကောက်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကလည်း ပြောပြကြသည်။
မြစ်မခမြစ်၏ တာပေါင်တလျှောက်တွင် မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု ၄ စုမှ ကျေးရွာပေါင်း ၂၀ ခန့်နှင့် ကြို့ပင်ကောက်မြို့ အတွင်းရှိ ကျေးရွာအုပ်စု ၄ စု အတွင်းမှ ကျေးရွာ ၁၀ ရွာကျော်ရှိပြီး စိုက်ပျိုးမြေဧကပေါင်း ၇,၀၀၀ ကျော် ရှိကြောင်းလည်း သိရ သည်။
တာပေါင် အမြန်ဆုံး ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းသွားမည်ဟု မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုက ဧရာဝတီကို ပြောသည်။
“ဒီကိစ္စကို လွှတ်တော်မှာ အရေးကြီးအဆိုတင် ဆွေးနွေးမယ်။ လွှတ်တော်အနေနဲ့ ဆောင်ရွက်ပေးနိုင်အောင် ကျနော့်အနေနဲ့ တိုက် တွန်း ပေးသွားပါ့မယ်။ မိုးညိုမြို့နယ် ဆည်မြောင်းဦးစီးကို ဆက်သွယ်မေးမြန်းတော့ ဒီရေတာတမံက မိုးညိုမြို့နယ်ထဲမှာ ရှိတာမှန် သော်လည်း ကြို့ပင်ကောက်မြို့နယ် ဆည်မြောင်းဦးစီးဋ္ဌာနက တာဝန်ယူ ဆောင်ရွက်ရတာ ဖြစ်ပါတယ်တဲ့။ ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ တုန်းကလည်း ကြို့ပင်ကောက်မြို့နယ် ဆည်မြောင်းကပဲ လုပ်ဆောင်ခဲ့တာဖြစ်လို့ သူတို့ပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ကျနော့်ကို ပြောပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုက ပြောပြသည်။
ကြို့ပင်ကောက်မြို့နယ် ဆည်မြောင်းဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးတင်ထွန်းအောင်ကလည်း ၎င်းတို့အနေဖြင့် တာပေါင်ကျိုးမှု စတင်ဖြစ်ပွားစဉ် ကတည်းက တိုင်းဒေသကြီး အစိုးရကို တင်ပြထားသော်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းဆောင်ရွက်ခွင့်ပေးမှသာ လုပ်ဆောင်ရွက်ခွင့် ရမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။