‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့တွင် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးစီး၍ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မတ်လ ၂၆ ရက်မှစ၍ ငြိမ်းချမ်းရေး ဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပသွားမည်ဟု သတင်းရရှိသည်။
UWSA ပြင်ပဆက်ဆံရေးဌာနမှ ဌာနကြီးမှူး ဦးကျောက်ကော်အန်းက“ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေး ကိစ္စရယ်၊ တိုင်းရင်း သား အဖွဲ့အချင်းချင်းကြားမှာ လွန်ခဲ့တဲ့အချိန်မှာ မသါ။င့်တော်တာတွေ ဖြစ်ပေါ်တယ်။ ဒါတွေ ရပ်တန့်ဖို့၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ဖို့ အဲ့ဒီဆန္ဒတွေနဲ့ အားလုံး စုတာပါ”ဟု ဧရာဝတီကို ပြောသည်။
အစည်းအဝေးကို UWSA မှ ဦးစီးပြုလုပ်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအဖြစ် မြောက်ပိုင်းတွင် အခြေစိုက်သည့် ကချင်လွတ် လပ် ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား တပ်ဖွဲ့ (NDAA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ တက်ရောက်ကြမည်ဟုလည်း ဦးကျောက်ကော် အန်းက ပြောပြသည်။
ယခုအစည်းအဝေး ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးမှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် မြောက်ပိုင်း အခြေစိုက်အဖွဲ့များ ဖြစ်ကြောင်း သိရသည်။
UWSA မှ ပြောရေးဆိုခွင့် ရှိသူ ကျောက်ရှောက်ဖူကလည်း “ဒါက တံခါးပိတ် အစည်းအဝေး လုပ်မှာပါ”ဟု ပြောသည်။
ဆွေးနွေးမည့် ရက်ပေါင်း မည်မျှဖြစ်မည်ကိုတော့ အတိအကျ မပြောနိုင်သေးဟုလည်း ဆိုသည်။
မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာက“အစည်းအဝေးရှိတာ ဟုတ်ပါတယ်။ ကျနော်တို့တော့ ဖိတ်ကြား မခံရပါဘူး။ ဒီအစည်းအဝေးက မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပဲ ဖိတ်ကြားတာပါ”ဟု ပြောသည်။
အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည် ဖော်ရန် အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဒုက္ခရောက်နေသည့် ဒေသခံပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးကိုလည်း အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်မည့် TNLA သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စ၍ ယနေ့အထိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ (RCSS/SSA) နှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။
ထို့အပြင် တပ်မတော်နှင့်လည်း TNLA က တိုက်ပွဲများ ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အနီးတွင် KIA၊ တပ်မဟာ (၆) နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ဆန် မြို့နယ်ရှိ ရွာများမှ ဒေသခံ ၈၀၀ ကျော် စစ်ရှောင်ဒုက္ခသည် ဖြစ် ပွားနေပြီး တချို့သည်လည်း တပ်မတော်၏ ဖမ်းဆီးခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ကြုံနေရသည်။
နိုဝင်ဘာလ အတွင်းကလည်း UWSA က ဦးစီးပြီး NCA တွင် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေး တရပ်ကို ပြုလုပ်ခဲ့သေးသည်။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနက် အင်အားအကြီးဆုံး ဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၆ (စ) အရ အစိုးရက ရှမ်းပြည်နယ်ရှိ ပန်ဆန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ဟိုပန်မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းယန်းမြို့နှင့် ပန်ဝိုင်မြို့နယ်တို့ကို ခရိုင် နှစ်ခုခွဲ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေး ထားသည်။