ထိုင်းငါးဖမ်းလှေပေါ်သို့ ရောင်းစားခံရပြီး ပင်လယ်ပြင်၌ ၃ လဝန်းကျင် နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံသား ၅ ဦး ပြန်လည် လွတ်မြောက် သွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောင်းစားခံ မြန်မာများသည် လုပ်အားခ လုံးဝမရသည့်အပြင် ခြိမ်းခြောက်မှု အမျိုးမျိုးကိုပါ ခံခဲ့ကြရကြောင်း၊ ၅ ဦးထဲမှ ၂ ဦး သည် မဟာချိုင်မြို့ရှိ ငါးဖမ်းဆိပ်ကမ်း တခုသို့ ရောက်ရှိစဉ် ထွက်ပြေး လွတ်မြောက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) နှင့် အဆက်အသွယ်ရရှိ၍ ကျန် ၃ ဦးကိုပါ ကယ်ထုတ်နိုင်ခြင်း ဖြစ်ကြောင်း MAT ၏ ဘန်ကောက်မြို့ တာဝန်ခံ ဦးစိုင်းအေး က ဧရာဝတီ ကို ပြောသည်။
လှေပေါ်မှ လွတ်မြောက်လာသူ တဦးသည် MAT အဖွဲ့ထံ ဆက်သွယ်လာသည့်အတွက် MAT အဖွဲ့ကလည်း ထိုင်းနိုင်ငံ၏ လူကုန်ကူး မှု တိုက်ဖျက်ရေး အထူး ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ထိုင်းရဲတပ်ဖွဲ့နှင့် MAT တို့ ပူးပေါင်း၍ မတ်လ ၂၂ ရက်တွင် ၅ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ငါးဖမ်းလှေပေါ် ရောင်းစားခံရသူများမှာ ဦးလှသန်း၊ ဦးကျော်မောင်၊ ကိုဇော်ဇော်၊ ကိုလှမောင်၊ ကိုဇော်နိုင်ထွန်း စသည်တို့ ဖြစ်ပြီး အသက် ၂၈ နှစ်မှ ၄၀ အရွယ်များဖြစ်ကြသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ လွန်ခဲ့သည့်လ အနည်းငယ်က ရောက်ရှိခဲ့ကြသူများလည်း ဖြစ်သည်။
ဦးစိုင်းအေးက“အဲဒီလူတွေက လှေပေါ်သို့ ရောင်းစားမခံရခင် အချုပ်ခန်းထဲမှာ ဖမ်းဆီးခံထားရသူတွေပါ၊ မြန်မာပွဲစား အမျိုးသမီး တဦးက သူတို့ကို အချုပ်ခန်းက ကယ်ထုတ်ခဲ့ပြီးတော့ လှေပေါ်ကို ရောင်းစားပစ်ခဲ့တာပါ”ဟု ပြောသည်။
ထို မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်မှုဖြင့် ထိုင်းတောင်ပိုင်း မဟာချိုင်မြို့ရှိ အချုပ်ခန်းတခုတွင် ရက် အတန်ကြာ အချုပ်ကျနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
အချုပ်ကျခံနေရစဉ် မြန်မာပွဲစား မအေးဆိုသူက လာရောက်၍ ၎င်းတို့အား တရားဝင်နေထိုင်ခွင့် လက်မှတ်ရရှိရေး ဆောင်ရွက်ပေးပြီး အလုပ်အကိုင် ရှာဖွေပေးမည်ဟုဆိုကာ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုင်းအေးက“ပွဲစားအမျိုးသမီးက သူတို့ကို အချုပ်ခန်းက ကယ်ထုတ်လာပြီးတော့ တလ ဘတ် ၇၀၀၀ ရမယ်ပြောပြီးတော့ လှေ ပိုင် ရှင်နဲ့ညှိပြီး ရောင်းစားလိုက်တာပေါ့၊ ဒါပေမယ့် လှေပေါ်ရောက်တော့ လုပ်အားခလည်း မရတဲ့အပြင် ခြိမ်းခြောက်မှုတွေ အမျိုးမျိုးခံခဲ့ ရတယ်လို့ သိရတယ်”ဟု ပြောပြသည်။
မြန်မာ ၅ ဦးကို လှေပေါ်သို့ရောင်းစားခဲ့သည့် မအေးဆိုသူ ပွဲစားအမျိုးသမီးကိုလည်း ပြီးခဲ့သည့် ၃ ရက်ခန့်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း MAT အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသားများသည် ငါးဖမ်းလှေပေါ်၌ ရှိစဉ် ကမ္ဘောဒီးယား နယ်စပ်အထိ သွားရောက် ငါးဖမ်းခဲ့ရကြောင်း၊ ကြမ်းတမ်းပြီး အန္တရာယ်များသည့် အတွက် အလုပ် ဆက်မလုပ်နိုင်ခြင်းကြောင့် ပြန်လည်ပို့ဆောင်ပေးရန် မေတ္တာရပ်ခံသော်လည်း သတ်ပစ်မည်ဟုသာ ခြိမ်းခြောက်ခံရပြီး ညှဉ်းပန်း နှိပ်စက် ခံခဲ့ရသည်ဟု လှေသားများက ပြန်လည် ပြောဆိုကြောင်း သိရသည်။
ရောင်းစားခံ မြန်မာများသည် ယခုအခါ ထိုင်းနိုင်ငံအတွင်း၌ တရားဝင်နေထိုင်ခွင့် လက်မှတ်ပန်းရောင်ကတ်များ ရရှိထားပြီ ဖြစ်၍ လွတ်လပ်စွာ နေထိုင်ခွင့်ရှိကြောင်း ဦးစိုင်းအေး က ပြောသည်။