သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က EAO – PPST ခေါ် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့” ကို ဖွဲ့စည်းကြောင်း ယမန်နေ့က တရားဝင်ထုတ်ပြန်လိုက်သည်။
ရည်ရွက်ချက်မှာ အပစ်ရပ် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေး အရ ဦးဆောင်ပေးနိုင်ရေး ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်အကြာ ပြုလုပ်သည့် အပစ်ရပ် ၈ ဖွဲ့၏ ဒုတိယ အကြိမ်မြောက်ထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ယင်း ထိပ်သီးအစည်းအဝေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်ဥက္ကာ က “ပေါ်လစီရေးရာတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ လမ်းညွှန်နိုင် အောင် ဖွဲ့ထားတာဖြစ်ပါတယ်။ ဒါက ထိထိရောက်ရောက် အဖွဲ့တွေမှာ JMC တို့ JICM တို့၊ UPDJC တို့တွေရဲ့ လုပ်ငန်းတွေ ပိုမိုအောင်မြင် သွက်လက်အောင် လမ်းညွှန်နိုင်အောင်လို့ ရည်မှန်းပြီး ဖွဲ့တာဖြစ်ပါတယ်” ဟု အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
ဖွဲ့စည်းလိုက်သော (PPST)၌ အဖွဲ့ခေါင်းဆောင် (၁) အဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ ခေါင်းဆောင် (၂) အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ဦးဆောင်မည် ဖြစ်ပြီး အပစ်ရပ် အဖွဲ့ ၈ ဖွဲ့များထိပ်သီးခေါင်းဆောင်များက အဖွဲ့ဝင်များ အဖြစ်ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
PPST အဖွဲ့သည် သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ချိတ်ဆက်ဆွေးနွေးရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် ဦးသိန်းစိန် အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
ယင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် အပစ်မရပ်ရသေးအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ရန် အခက်အခဲဖြစ်သွားမည် မဟုတ်ဘဲ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် စုဖွဲ့ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်လည်း ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေး သွားရန် အပစ်ရပ် ၈ ဖွဲ့၏ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ကြောင်းပြောသည်။
ပဒို စောကွယ်ထူးဝင်း က “ငြိမ်းချမ်းရေးတည်ဆောက်မှုအတွင်းမှာ ဘယ်လိုဆက်လက်ပူးပေါင်း နိုင်မလဲဆိုတဲ့ ကိစ္စကိုဆွေးနွေး မယ်။ ရှင်းရှင်းပြောရရင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကျနော်တို့ အမြင်တွေဖလှယ်ကြမယ်။ သုံးသပ်မယ်။ ပြီးလို့ရှိရင်ရှေ့ ဘယ်လို ဆက်သွားမလဲ။ ဆိုလိုတာက ကျနော်တို့ ရည်မှန်းချက်က အတူတူပါပဲ။ NCA ကို အတူတူညှိကြတာပါပဲ။ ဒါပေမယ့် ဒီလိုရှိနေတဲ့ အနေအထားမှာ ကိုယ့်ရည်မှန်းချက်ရောက်ဖို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ တလမ်းတည်းသွားကြမလား၊ ခွဲပြီးတော့ သွားမလား နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို UNFC ဘက်က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (Delegation for Political Negotiation -DPN) အဖွဲ့နှင့် အပစ်ရပ်အဖွဲ့များဘက်မှ ဖွဲ့စည်းလိုက်သော (Delegation For EAO Unity -DEU) နှင့် တို့တွေ့ကြမည်ဖြစ်ကြောင်းသိရသည်။
အပစ်ရပ်အဖွဲ့ဘက်က ဖွဲ့စည်းသော DEU ကို ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP) ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း တို့က DPN အဖွဲ့ကိုတော့ UNFC အထွေထွအတွင်းရေးမှူး ခူဦးရယ် က ဦးဆောင်မည်ဖြစ်ကြောင်းသိရသည်။
သမ္မတသစ် ဦးထင်ကျော် အစိုးရလက်ထက်တွင် ကျင်းပမည့် ဒုတိယ အကြိမ်မြောက် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ” သို့ ပါဝင်တက်ရောက်ရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားလုံး၏ ကိုယ်စားပြုမှု လိုအပ်နေသည်ကို သဘောပေါက်ကြောင်း အပစ်ရပ်ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ချက်တွင် လည်း ပါရှိသည်။
အပစ်ရပ် ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့တွင် အရန်သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည့် ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဌ ပူးဇင်ကျုံး က “လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးမပါဘဲနဲ့ ငြိမ်းချမ်းရေးကို ပြည့်ပြည့်စုံစုံတည်ဆောက် ဖို့ရာ အင်မတန်မှ ခက်ခဲမှာဖြစ်ပါတယ်” ဟု ဆိုသည်။