သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များ မတွေ့ရတဲ့ တပ်မတော်နေ့ အခမ်းအနား

This article has been converted from Zawgyi One to Unicode

ယနေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၁ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရသစ်ခေါင်းဆောင်များ၊ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခြင်း မရှိပေ။

တပ်မတော်က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း မရှိသဖြင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းထိန်က“မဖိတ်လို့ မတက်တာပေါ့။ ဖိတ်ရင် တက်မှာပေါ့။ မတက်လည်း ဘာမှ မဖြစ်ဘူး။ သတင်းလုပ်ချင်လည်း လုပ်ကြ”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးထင်ကျော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဌ များနှင့် အစိုးရသစ်တွင် ပါဝင်မည့် ဝန်ကြီးများလည်း တက်ရောက်ခြင်း မရှိဘဲ လွှတ်တော် ရေးရာကော်မတီ ဥက္ကဌတချို့သာ တက် ရောက်ခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ပြည်ထောင်စုလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် အခမ်းအနား တက်ရောက်သည်ကို မြင်တွေ့ရသောကြောင့် သဘောထားအမြင် တောင်းခံရန် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမှု မရှိပါ။

လာမည့် ဧပြီလ ၁ ရက်နေ့ အစိုးရအာဏာ လွှဲပြောင်းခါနီး ကာလတွင် ယင်းသို့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသား မဟာမိတ် ခေါင်းဆောင်များ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိမှုသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မနွေးထွေးသေးကြောင်း ပြသနေကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

မြန်မာနိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်နေသောကြောင့် ယနေ့လို့ တော်လှန်ရေးနေ့မျိုးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အရေးပါသည်ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ရန်မျိုးသိမ်းက“အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ နောက်လာမယ့် အစိုးရလက်ထက်မှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ပိုကောင်းမွန်ဖို့ဆိုရင် တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တော်လှန်းရေးနေ့ အခမ်းအနားကို ဖိတ်ကြားသင့်တယ်”ဟု ဆိုသည်။

တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းက အလုပ်အလွန် ရှုပ်နေသဖြင့် မည့်သည့်အကြောင်းအရာမှ မီဒီယာသို့ မပြောနိုင်သေးကြောင်း ပြောဆိုသည်။

ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် NLD မှ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဌတချို့ကလည်း တပ်မတော်နေ့အပေါ် သဘောထားနှင့် တပ်ချုပ်၏ မိန့်ခွန်းအပေါ် သဘောမှတ်ချက်ပေးရန် ငြင်းဆိုကြသည်။

တပ်မတော်နေ့ အခမ်းအနားသို့ အငြိမ်းစား တပ်မတော် အရာရှိကြီးများ ဖြစ်ကြသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်၊ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်တို့က တပ်မတော် ယူနီဖောင်းများ ဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ တည်ငြိမ်အောင်၊ ပြည်သူရဲ့ဆန္ဒအတိုင်း တိုင်းပြည်ကို လက်ရှိအခြေအနေ အခြေခံ ကောင်းများ ရရှိအောင် လုပ်ဆောင် ကြသူများ ဖြစ်တဲ့အတွက် ဒီလို အခြေအနေမျိုးကနေ ယိမ်းယိုင်သွားစေမယ့် ကိစ္စရပ်တွေ၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ နယ်မြေ ပိုင်ဆိုင်မှုကို ထိပါးစေ့မယ် ကိစ္စရပ်တွေ၊ ပြည်ထောင်စု ပြိုကွဲမှုကို ဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော်အနေနဲ့ ရောက်ရှိခံမှာ မဟုတ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး(National Reconciliation)ကို မဖြစ်မနေ လုပ်ဆောင်သွားမည်ဟုလည်း တပ်ချုပ်က ပြောသည်။

သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရသစ်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား မည်မျှ သဘောထားတူညီပြီး မည်သို့ လက်တွဲ လုပ်ဆောင်သွားနိုင်မည်ကမူ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြားမှာ လုပ်နည်းလုပ်ဟန်ပိုင်း၊ ချည်းကပ်တဲ့ ပုံစံပိုင်းမှာ ကွဲလွဲမှုတွေ ရှိနိုင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အလေးထားရမှာ ဖြစ်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။

Loading