အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရေး အတွက် NCA ကို လက်မှတ်ထိုးခဲ့သော အပစ်ရပ် ၈ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် မထိုးသေးရန် ဆုံးဖြတ်ခဲ့သော အဖွဲ့များ၏ ကိုယ်စားလှယ်များအကြား ယနေ့ အလွတ် သဘောတွေ့ဆုံ ဆွေးနွေးရာ တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိကြောင်းသိရသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သော အပစ်ရပ် ၈ ဖွဲ့ နှင့် လက်မှတ်မထိုး ရသေးသော ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အကြား ၂၀၁၅ ခုနှစ် စက်တင်ဘာလ က နောက်ဆုံးတွေ့ဆုံပြီးနောက် ယခု ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်။
အပစ်မရပ်သေးသည့် အဖွဲ့ဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သူ ခူဦးရယ် က “ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ အတူတကွ အလွတ်သဘောတွေ့ဆုံကြတာ။ တဘက်ကလည်း သူတို့လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းကို မျှဝေတယ်။ ဒါကလည်း ကျနော်တို့ ကြားချင်၊ မြင်ချင်တဲ့ အရာပဲ၊ ကျနော်တို့ဘက်ကလည်း သတင်းစကား ပါးစရာရှိတာပါးတာပါး။ အလွတ်သဘောပြောတဲ့ အခါကြတော့ ဘာတွေ သဘောတူလဲ။ ဘာတွေသဘောထား ချမှတ်ကြလဲ မေးရင်တော့ ဘာမှမရှိဘူး” ဟု အစည်းအဝေး အပြီး သတင်းထောက် များကို ပြောသည်။
ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသို့ UNFC ဘက်မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့ (Delegation for Political Negotiation -DPN) အဖွဲ့နှင့် အပစ်ရပ်အဖွဲ့များဘက်မှ (Delegation For EAO Unity -DEU) နှင့် တို့ ၃ နာရီခန့်အကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
DEU ကို ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း တို့ကဦးဆောင်ပြီး DPN အဖွဲ့ကိုတော့ UNFC အထွေထွအတွင်းရေးမှူး ခူဦးရယ် က ဦးဆောင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အပစ်ရပ်အဖွဲ့ဘက်မှ ဦးဆောင်ဆွေးနွေးသူ ဦးခိုင်စိုးနိုင်အောင် က “ကျနော်တို့ ညီညွှတ်မှုတည်ဆောက်တဲ့အခါ ဘယ်လို ဆွေးနွေးကြမလဲ၊ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ပြန်ပြီးတော့ အလုပ်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပေါ်မှာ အလွတ်သဘောဆွေးနွေးတယ်။ အပြန်အလှန် အချက်အလက်တွေပေးကြတယ်။ နောက်တကြိမ်တွေ့ဖို့ သဘောထားရှိတယ်။ သဘောထားချက်မှတ်တာတော့မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောသည်။
နှစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်များက တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသော်လည်း ယနေ့အစည်းအဝေးတွင် နှစ်ဖွဲ့ အကြား ယခုနှစ် ဧပြီလလယ်ပိုင်းတွင် နောက်တကြိမ် တရားဝင်တွေ့ဆုံနိုင်ရန်ရှိပြီး နှစ်ဘက်ထိပ်သီးအစည်းအဝေးခေါ်ယူ ညှိနှိုင်း မှုများပြုလုပ်နိုင်ရေး အလွတ်သဘောထားပေးခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်သူ ခေါင်းဆောင်အချို့ ထံမှသိရသည်။
နှစ်ခြမ်းကွဲနေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အုပ်စုနှစ်စု အကြား ပြန်လည်ပေါင်းစည်းရှေ့ဆက်ကြရန် လတ်တလော အခြေအနေတွင် အကြပ်အတည်းရှိနေပြီး အုပ်စု နှစ်စုအကြား နောက်တကြိမ်တွေ့ဆုံနိုင်ရေး အတွက် ဧပြီလလယ်ပိုင်းကို ရွေးခြယ်ခြင်းသည် အစိုးရသစ်၏ ငြိမ်းချမ်းရေး မူဝါဒအပေါ် စောင့်ကြည့်ပြီးမှ လုပ်ဆောင်ရန်ရည်ရွယ်ပုံ ရကြောင်း သုံးသပ်မှုအချို့လည်း ရှိနေသည်။
အပစ်ရပ် ၈ ဖွဲ့၏ ယမန်နေ့က ထုတ်ပြန်ကြေညာချက်တွင် သမ္မတ ဦးထင်ကျော် ဦးဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်ရန် ရှေ့လုပ်ငန်းစဉ်အဖြစ် သဘောထားချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် အရံသင့်ပြင်ဆင်ထားကြောင်းနှင့် နိုင်ငံတော်သမ္မသစ်၏ တိုင်းပြည်သို့ ပထမဆုံးနိုင်ငံတော်မိန့်ခွန်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အလားအလာကောင်းများ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပါရှိသည်။