တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ဖွဲ့စည်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် တိုင်းရင်းသား ပါတီများမှ သာမက ပြင်ပ တတ်သိပညာရှင်များပါ ဖိတ်ခေါ် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသူလည်းဖြစ်၊ NLDပါတီပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သော ဒေါက်တာ ဇော်မြင့်မောင်က “ပြင်ပ ပညာရှင်တွေ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာလည်း ပါလာမှာပါ။ တိုင်းဒေသကြီး ဝန်ကြီးနေရာကတော့ ၅ နေရာထက် မနည်းဘူး။ ၁၀ နေရာထက် မကျော်ဘူးဆိုတာပဲ လတ်တလော ပြောနိုင်ပါသေးတယ်” ဟု ဆိုသည်။
ဒေါက်တာ ဇော်မြင့်မောင်က ဆက်လက်၍ “National Reconciliation (အမျိုးသားရင်ကြားစေ့ရေး) ဆိုတော့ တခြား တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ နိုင်တယ်ဆိုရင် သူတို့နဲ့ ဆွေးနွေးပြီး ပါလာဦးမှာပါ။ ကျနော်တို့ မူဘောင်က ဒီလိုပဲဖြစ်မယ်။ ပြင်ပ တတ်သိပညာရှင်တွေလည်း ပါလာဦးမှာဖြစ်တယ်။ တချို့နေရာတွေမှာ တကယ် တတ်ကျွမ်းတဲ့ ဂုဏ်သိက္ခာရှိတဲ့ သူတွေကို ဝန်ကြီးတွေအဖြစ် ထည့်သွင်းပေးမှာဖြစ်တယ်” ဟု ပြောသည်။