သတင်း

NLD အမတ် ဦးညီပုကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှု ANP အမတ်များ သပိတ်မှောက်

This article has been converted from Zawgyi One to Unicode

ရွေးကောက်ခံ သမ္မတဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  ပါတီ၏ ဗဟိုအလုပ်အမှုဆောင် လည်းဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်သူ ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးအဖြစ် ယနေ့ ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်သဖြင့် ရခိုင်အမျိုးသားပါတီ(ANP) မှ လွှတ်တော် အမတ်များက အစည်းအဝေးမပြီးခင် လွှတ်တော်ထဲမှ ထွက်ခွာ၍ သပိတ်မှောက်ကြကြောင်း သတင်းရရှိသည်။

NLD ပါတီမှ ဦးညီပုသည် ရခိုင်တိုင်းရင်းသား တဦးဖြစ်သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ANP ပါတီမှ အမတ်တဦးကို  ဖြစ်ခွင့် မပေးသဖြင့် လွှတ်တော်အစည်းအဝေး ခန်းမ ထဲမှ ANP ပါတီမှ အမတ်များ အိမ်ဆွဲကာ ထွက်ခွာသွားခဲ့ကြောင်း၊ ANP သည် ရခိုင်ပြည်နယ်တွင် ပြည်နယ် အမတ်နေရာ အများဆုံး အနိုင်ရရှိထား၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးပေးရန် ANP  ၏ တောင်းဆိုချက်ကို NLD ပါတီက လက်မခံခြင်းကြောင့် ယခုကဲ့သို့ သပိတ်မှောက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ANP ပါတီမှ မြေပုံမဲဆန္ဒနယ်အမှတ်( ၁ )မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက “ကျနော် တို့  ပါတီက  ရခိုင်ပြည်နယ်မှာ အများဆုံး အနိုင် ရရှိထားတဲ့ ပါတီ တစ်ခု ဖြစ်တယ်။  အဲဒါနဲ့ ပြည်နယ်အစိုးရ ကို ဦးဆောင်ဖွဲ့စည်းခွင့်တောင်းဆိုထားတယ်။  ပြည်သူတွေကလည်း ဆန္ဒပြတောင်းဆိုကြတယ် ။ အခု ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်ပြီး ကျွန်တော်တို့ တိုင်းရင်းသား ဒေသပြည်နယ်တွေကို အခုလိုပဲ ဖွဲ့စည်းပုံအရ အနိုင်ကျင့် တဲ့ အတွက်  ဒီနေ့ လွှတ်တော် အစည်းအဝေးထဲကနေ ထွက်လာရ ခြင်း ဖြစ်ပါတယ် ” ဟု ပြောသည်။

ထို့ပြင် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ လွှတ်တော်သို့ တက်ရောက်ရာတွင် တိုက်ပုံအကျၤ ီများတွင် အနက်ရောင် စတေကာများ တပ်၍ လွှတ်တော်တက်ရောက်ခဲ့ကြောင်း၊ ယင်းသို့ အနက်ရောင် စတေကာများ တပ်ဆင်ရခြင်းမှာ ဝမ်းနည်းမှု အထိမ်းအမှတ်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေး စတင်ချိန်ရောက်မှသာ အနက်ရောင်စတေကာများကို ဖြုတ်သိမ်းခဲ့ကြပြီး ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင် ANP ပါတီ အမတ်အားလုံး လွှတ်တော်ခန်းမထဲမှ ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရှိရသည်။

ANP ပါတီမှ အမတ်များ အစည်းအဝေးခန်းမထဲမှ  ထွက်ခွာသွားခဲ့ သော်လည်း လွှတ်တော်အား ကျန်လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသည့် အတွက် အစည်းအဝေး အား  ပုံမှန် အတိုင်း   ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းခံရသူ  ဦးညီပုက “   ဒါတွေကတော့ ရှေ့လုပ်ငန်းတွေ အတွက် သင်ခန်းစာ ယူပြီးတော့ လုပ်ဆောင်ဖို့အတွက် အတွေ့အကြုံတခုပေါ့။ ကျနော့်တော်ဘက်ကတော့ တတ်နိုင် သလောက် သဘောထားကြီးကြီးနဲ့ ကျေကျေလည်လည် ဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားမယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ် အမတ်နေရာ စုစုပေါင်း ၃၄ နေရာရှိပြီး NLD ပါတီက ၈ နေရာ၊ ANP ပါတီက ၂၃ နေရာ နှင့်ကြံ့ခိုင်ရေးပါတီက ၃ နေရာ အသီးအသီးအနိုင်ရရှိထားကြောင်း သိရှိရသည်။

Loading