ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ်ပြင်ဆင်၍ လူမှုကွန်ရက်တွင် တင်ခဲ့သော ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်းကို ကန်ကြီးထောင့်မြို့နယ် တရားရုံးက ပုဒ်မ ၆၆ (ဃ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၆ လ ယနေ့ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
“ရုံးတော်က ဆုံးဖြတ်တာပဲဗျာ။ ကျေနပ်ရမှာပေါ့။ အယူခံတက်ဖို့ကတော့ မပြောတတ်သေးပါဘူး”ဟု
ပြစ်ဒဏ်ချမှတ်ခံရသူ ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။
၂၀၁၅ ခုနှစ် ၊စက်တင်ဘာလ ၂ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ကြံခိုင်ရေးပါတီ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ဦးသန်းထွန်းအသုံးပြုသည်ဟုယူဆရသည့် Thu Thu အမည်ရှိ Facebook လူမှုကွန်ရက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ကာ ညစ်ညမ်းစွာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့မှုကြောင့် ဦးသန်းထွန်းကို တရားစွဲဆိုခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်သည့်အတွက် ၎င်းအား ကန်ကြီးထောင့်မြို့ခံ နိုင်ငံတက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို ကန်ကြီးထောင့်မြို့နယ်တရားရုံးတွင် အချိန် ၄ လခန့် စစ်ဆေးပြီးနောက် ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် မြို့ နယ်တရားသူကြီး ဦးမျိုးမြင့်ဦးက အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း၊ တရားခံ ဦးသန်းထွန်းသည် Thu Thu အမည်ရှိ Facebook အကောင့်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံအား ညစ်ညမ်းစွာပြုလုပ်၍ ဖြန့်ချိခဲ့သည်မှာ ထင်ရှားကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းရကြောင်း၊ ထို့ကြောင့် အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း မြို့ နယ်တရားသူကြီး ဦးမျိုးမြင့်ဦး၏ စီရင်ချက်တွင် ဖော်ပြထားသည်။
“ရုံးတော်က ထောင်ဒဏ် ၆ လ ချမှတ်တဲ့အပေါ် ကျေနပ်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ ခံယူပါတယ်”ဟု တရား လို ဖြစ်သူ Hand to Hand ပညာဒါနကွန်ရက်မှ ကိုစည်သူအောင်က ပြောသည်။
တပ်မတော်၏ဝတ်စုံအသစ်အပေါ် လူမှုကွန်ရက်၌ ဝေဖန်မှုဖြင့် မအူပင်မြို့မှ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ရာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ အီလက်ထရောနစ်ဥပဒေဖြင့် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင် သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဝေမျှသည်ဟုဆိုကာ ပုဒ်မ ၆၆(ဃ) ဖြင့် ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ပြီးခဲ့သည့်ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦး အား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။