နိုင်ငံတော် ဖွဲ့စည်းပုံ အဖွဲ့ဝင်များအဖြစ် လျာထားခံရသူ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ ၂ ဦးကို ခုံရုံး အဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် တပ်မတော်က သဘောမတူသော်လည်း ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်၍ ခုံရုံးအဖွဲ့ဝင်များ အဖြစ် အတည်ပြု ပေးလိုက်သည်။
သမ္မတအဖြစ် ရွေးချယ်ခြင်းခံရသူ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလာသူများထဲတွင် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ ၂ ဦး၏ ကိုယ်ရေး အချက်အလက်များသည် ပြည့်စုံမှု မရှိသဖြင့် တိုက်ဆိုင်စစ်ဆေးရာတွင် ခက်ခဲနေကြောင်း၊ ထို့ကြောင်း အချက်အလက်များကို ထပ်မံတင်ပြသင့်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦးက လွှတ်တော်တွင် ပြောကြားသည်။
ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦးက“၎င်းတို့ ၂ ဦးရဲ့ ကိုယ်ရေး အချက်အလက်များကို ပြည်စုံအောင် ဖြည့်သွင်းကာ ပြည်ထောင်စု လွှတ် တော်သို့ ထပ်မံ တင်ပြသင့်ပါကြောင်းနှင့် သတ်မှတ်အရည်အချင်းများနှင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက ထောက်ခံ သွား မည် ဖြစ်ပါကြောင်း လေးစားစွာ အဆိုတင်သွင်း အပ်ပါတယ်”ဟု ပြောကြားသည်။
သို့သော် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည် ထောင်စု လွှတ်တော်သည် နိုင်ငံတော် သမ္မတက စုစည်းအမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်များအား ခုံရုံး အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသဖြင့် တပ်မတော်သား ကိုယ်စားလှယ်၏ ကန့်ကွက်ချက်သည် မခိုင်မာကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်တွင် ပြောသည်။
“ကန့်ကွက်ချက်က မခိုင်မာဘူးလို့ပဲ တင်ပြလိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရည်အချင်း မပြည့်စုံသူလို့ ထင်ရင် အထောက် အထား ခိုင်ခိုင်မာမာနဲ့ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်”ဟု ဦးမန်းဝင်းခိုင်သန်းက ပြောသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကန့်ကွက်သည့် ဒေါ်ခင်ဌေးကြွယ်သည် ပြည်သူ့လွှတ်တော် ဥက္ကဌက အမည်စာရင်း တင်သွင်းသူ ဖြစ်ပြီး ဦးတွာလ်ကျင်ပေါင်သည် အမျိုးသား လွှတ်တော် ဥက္ကဌက အမည်စာရင်း တင်သွင်းသူ ဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက“အခုသွားနေတဲ့စနစ်က အမျိုးသား ရင်ကြားစေ့ရေးပါ။ နောက်ပြီး တိုင်းရင်း သားတွေကို အခွင့်အရေးပေးမယ်ဆိုတဲ့ မူဝါဒလည်း ချမှတ်ထားပါတယ်။ အဲဒါကြောင့် ကျနော်တို့ အမျိုးသား လွှတ်တော်ဆိုတာလည်း တိုင်းရင်းသား လွှတ်တော်လိုပါပဲ။ ကျနော်တို့ ဦးတွယ်လ်ကျင်ပေါင်ကို ရွေးတဲ့အခါမှာ သူက ချင်းလူမျိုး ဖြစ်ပါတယ်။ ပညာအရည်အချင်း ကြည့်မယ်ဆိုရင်လည်း BA Law (LLB) ပါ။ ပညာရှင် တဦးပါ။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးရအောင် တိုင်းရင်းသားတွေ အခွင့်အရေးရအောင်လို့ ကျနော်က အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ရှင်းလင်းသည်။
ထို့ပြင် ဒေါ်ခင်ဌေးကြွယ်သည် ရရှိခဲ့သည့် တရားရုံးချုပ်ရှေ့နေ လိုင်စင်အမှတ်သည် ၂၀၄၁ ဖြစ်ပြီး ထုတ်ပေးသည့်နှစ်မှာ ၁၉၈၁ ခုနှစ်က တည်းကပင် ဖြစ်ကြောင်း၊ ထို့ပြင် ၃ ထပ်ကွမ်း လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်တွင် ပြောကြားသည်။
ဦးဝင်းမြင့်က“ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အသက် ၅၀ ပြည့်ရမယ်တဲ့။ ဒေါ်ခင်ဌေးကြွယ် အသက် ၅၀ မကတော့ပါဘူး။ ၁၆ နှစ် သမီး လည်း မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအတွက် သတ်မှတ်ထားတဲ့ အရည်အချင်း ရှိရမယ်။ ရှိလိုက်တာမှ ၃ ထပ်ကွမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ ၉၀ မှာတခါ၊ ၂၀၁၂ မှာတခါ၊ အခု ၂၀၁၅ မှာ တခါ။ ပြီးရင် ရွေးကောက်ခံ ပိုင်ခွင့် မရှိတဲ့ ပြဌာန်းချက်တွေနဲ့လည်း မငြိစွန်းရဖူးတဲ့။ မငြိစွန်းလို့လည်း တခါမှ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံရခြင်း မရှိခဲ့ဘူး”ဟု လွှတ်တော်တွင် ပြောကြားသည်။
“ကန့်ကွက်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကန့်ကွက်တဲ့အခါမှာ တိကျခိုင်မာဖို့တော့ လိုပါတယ်။ ယင်းအဆိုနဲ့ အတူ သတ်မှတ်ထားတဲ့ အရည် အချင်းနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား ပူးတွဲတင်ပြရမယ်။ ဒါက ရိုးရိုးရှင်းရှင်းလေးပါ”ဟု ဦးဝင်းမြင့်က ပြောသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော် သမ္မတက ဥပဒေ ပညာရှင်အဖြစ် ယူဆပါက မည်သူ့ကိုမဆို ခုံရုံးအဖွဲ့ဝင် အဖြစ် ခန့်အပ်ခွင့် ရှိကြောင်း၊ ထို့ကြောင့် ကိုယ်ရေး အချက်အလက်များမှာ ယခုကန့်ကွက်သည့် အကြောင်းအရာနှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိဟု လွှတ်တော် ဥက္ကဌများက ပြောကြားသည်။
ဦးမန်းဝင်းခိုင်သန်းက “အခု ခိုင်လုံတဲ့ အထောက်အထား တင်ပြထားခြင်း မရှိပါဘူး။ ဒါကြောင့် ဒီအဆိုကို ကျနော် နာယကအနေနဲ့ ပယ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ တင်ပြချက်အရ ပွင့်လင်းမြင်သာမှုရှိအောင် မဲခွဲဆုံးဖြတ်ဖို့ ရည်ရွယ်ထားပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ထို့ကြောင့် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ ၂ ဦးကို ခုံရုံးအဖွဲ့ဝင်များ အဖြစ် ခန့်အပ်ရန် သင့်/မသင့် မဲခွဲဆုံးဖြတ်ရာ ခန့်အပ်သင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ခုံရုံးအဖွဲ့ဝင်များမှာ သမ္မတ ရွေးချယ်ထားသူ ၃ ဦးဖြစ်သည့် ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌက ရွေးချယ် ထားသူ ၃ ဦးဖြစ်သည့် ဦးမျိုးညွှန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်နှင့် အမျိုးသား လွှတ်တော် ဥက္ကဌက ရွေးချယ်ထားသူ ၃ ဦးဖြစ်သည့် ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းတို့ ဖြစ်ပြီး ဦးမျိုးညွှန့်ကို ခုံရုံး ဥက္ကဌ အဖြစ်ခန့်အပ်ခဲ့ကြသည်။
သမ္မတ ဖြစ်လာမည့် ဦးထင်ကျော်ကလည်း ၎င်းရွေးချယ်ထားသူများကို ခုံးရုံးအဖွဲ့ဝင်များ အဖြစ် ပြည်ထောင်စု လွှတ်တော်က သဘောတူညီပေးရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သေးသည်။