ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦး၏ ကိုယ်ရေးရာဇဝင်များကို စုစည်းဖော်ပြ လိုက်ပါသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်
ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
သူသည် ပြင်ဦးလွင်မြို့၊ ကွတ်ခိုင်၊ ဗန်းမော်၊ တောင်ငူ၊ မြစ်ကြီးနားမြို့ များတွင် အခြေခံ ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က ( ၁) မှ တက္ကသိုလ်ဝင် အထက်တန်းစာမေးပွဲ ကို ဓာတုဗေဒ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။
ထို့နောက် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ B.D.S ဘွဲ့ကို ရရှိခဲ့သလို ၁၉၆၆ ခုနှစ် ဇန်နဝါရီလ တွင် ရန်ကုန်မြို့၌ ကျင်းပသော ပထမ အကြိမ် တိုင်းနှင့်ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ တွင် ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် တခု၊ ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးရရှိပြီး တတိယဒိုင်းဆု ရရှိကာ ကချင်ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။
ဒေါက်တာခက်အောင်သည် ၁၉၇၃ ခုနှစ် တွင် ဒေါက်တာ ဂျေကော့ဘူ (မြို့နယ်ကျန်းမာရေး ဦးစီးမှူး) (ငြိမ်း) နှင့် အိမ်ထောင်ပြုခဲ့ပြီး ဒေါက်တာ အိပ်ချ်ဆိုင်းရာ၊ ဒေါက်တာ အိပ်ချ်မွန်းအောန် အမည်ရှိ သမီး နှစ်ဦး နှင့် ဒေါက်တာအိပ်ချ် အောင်မိုင် နှင့် ဦးအိပ်ချ်ထွယ်ဆပ်အောင် အမည်ရှိ သား နှစ်ဦး ထွန်းကားခဲ့သည်။
ဇနီးဖြစ်သူ ဒေါက်တာဂျေကော့ဘူ နှင့် အတူ မြောင်းမြမြို့၊ လပွတ္တာမြို့နှင့် ပေါင်းတလည်မြို့များတွင် ကိုယ်ပိုင် ဆေးခန်းဖွင့် ကာ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ထို့နောက် ၁၉၇၅ မှ ၁၉၉၃ ခုနှစ် အတွင်း မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား နှင့် ဗန်းမော်မြို့များတွင် ရှိသည့် ပြည်သူ့ဆေးရုံ၊ ဒေသန္တရကျန်းမာရေးကျောင်း ကျန်းမာရေးဌာ နများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန မှ နုတ်ထွက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။
၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဆိုင်းဘွမ်း ကုမ္ပဏီ၏ ဒါရိုက်တာတဦး အနေဖြင့် ထိုင်း၊ ဟောင်ကောင်၊ တရုတ်ပြည်များသို့ သွားရောက်ကာ ကုမ္ပဏီ လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဒေါက်တာ ခက်အောင်သည် အမှတ် ၅၉ စီ၊ ဆမားလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှို
ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသူ ဦးအယ်လ်ဖောင်းရှို မှာ B.Ed ပညာရေးဘွဲ့ ကို ရရှိထားသူ ဖြစ်ပြီး မယ်စဲ့ မြိုနယ်တွင် လက်ထောက်ပညာရေးမှူး မှ ပညာရေးမှူးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးအယ်လ်ဖောင်းရှို သည် ၂၀၁၅ခုနှစ် ဇွန်လတွင် မြို့နယ်ပညာရေးမှူး အဖြစ်မှ နုတ်ထွက်ကာ NLD ပါတီ သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်ဟု သိရသည်
သူ၏ ဇနီးဖြစ်သူမှာ မယ်စဲ့မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်မော် ဖြစ်ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ လက်ရှိတွင် မိသားစု နှင့်အတူ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် တောင်ပိုင်းရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာစောလှထွန်း၏ သမီးတဦးဖြစ်သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါ်နန်းခင်ထွေးမြင့် သည် ၁၉၇၅ ခုနှစ် တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထိုသို့ ပညာသင်ကြားနေချိန်အတွင်း ကျောင်း သား လှုပ်ရှားမှုအတွင်း ပါဝင်သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉၇၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက် ခဲ့သည်။
ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲ တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် ဝင်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ၅၁ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရာတွင် ပါဝင်သဖြင့် ဒုတိယအကြိမ် ထောင်ကျခဲ့သည်။
သူသည် ၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေ ကို ဆန့်ကျင်သည့်အနေဖြင့်၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်ဟု သိရသည်။ ထို့နောက်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ကရင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။
လက်ရှိတွင် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ဒေါ်နန်းခင်ထွေးမြင့်သည်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်လျန်လွယ်
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အိုင်ရီဘွယ်ရွာ ဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ နှင့် ဘွဲ့လွန် ပညာရေး အဖြစ် ဘာသာရေးဘွဲ့ BRE တို့ကို ရရှိခဲ့သူဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသားဘဝတွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့ နှှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။
ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ရန်ကုန်မြို့ ဗဟိုဥပဒေရုံး ၊ ကလေး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ မန္တလေး၊ အမရပူရနှင့် စဉ့်ကိုင် မြို့တို့တွင် ထမ်းဆောင်ခဲ့ဖူးပြီး တမူးခရိုင် ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ မှ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ဝင်ရောက် အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။
ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့၏ လွှတ်တော်တွင် ကျမ်းသစ္စာ ပြုလုပ်ရာတွင်လည်း လွှတ်တော် သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး
ဦးမင်းမင်းဦး သည် ၁၉၇၀ ခုနှစ် သြဂုတ် ၉ ရက ်တွင် မွေးဖွားခဲ့ပြီး အသက် ၄၆ နှစ်ရှိပြီဖြစ်သည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂ မှ အနိုင်ရရှိထား သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံထားရသူလည်းဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘွဲ့ရတဦးဖြစ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်း နှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ သူသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးလှုပ်ရှားမှု တွင် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘီးလင်းမြို့နယ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု
ဦးညီပုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး NLD ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်သည်။ ဦးညီပု သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အခက်အခဲများကြားမှ စားဝတ်နေရေး ခက်ခဲစွာ ရုန်းကန်ရင်း NLD တွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုပြုချိန်တွင် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်များ လွှတ်တော်ထဲမှာ ထွက်ခွာ ဆန္ဒပြခြင်းကို ကြုံတွေ့ရသူလည်းဖြစ်သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားသူဖြစ်ပြီး အသက် ၅၆ နှစ်ရှိနေပြီဖြစ်သည်။
ဒေါက်တာလင်းထွဋ်သည် ၁၉၇၉ ခုနှစ်တွင် ဒေသကောလိပ်မှ စိုက်ပျိုးရေးလုပ်ငန် အတတ်ပညာဒီပလိုမာ ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ မှ ၂၀၀၆ ခုနှစ်အထိ လားရှိှုးမြို့ ပြည်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကာ မန္တလေး၊ လားရှှိုးမြို့တို့တွင် မူးယစ်ဆေးနှင့် ကူးစက်တတ်သော AIDS ရောဂါလျော့ချရေးစီမံချက်အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။
သူသည် လူမှုကူညီရေးအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ပေါင်းစုံအငြိမ့်အဖွဲ့တွင် လူရွှင်တော် ပလာယာ အဖြစ်နာမည်ကြီးသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လားရှိှုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဖြစ် သည်။ ပရဟိတ လုပ်ငန်းများစွာတွင်လည်း ပါဝင် ဆောင်ရွက်နေသူဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော် အမတ် အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ဦးဖြိုးမင်းသိန်းကို ၁၉၆၉ ခုနှစ် ၊ ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက်၄၇ နှစ်ရှိနေပြီဖြစ်သည်။ ဦးဖြိုးမင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် NLD ပါတီ၏ လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှအနိုင်ရရှိခဲ့သူဖြစ်သည်။
သူသည် ရန်ကုန်တက္ကသိုလ် မှ ရူပဗေဒဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့ပြီး ၁၉၈၈-၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ကာ သန်လျင် မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ခုနှစ် တွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ပြန်လည်စုစည်းရေး ကို တာဝန်ယူခဲ့ပြီး All Burma Student Federation Unions (ABSFU) ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ် တွင် စစ်အစိုးရ ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ၂၀၀၅ ခုနှစ် တွင် မြောင်းမြထောင်မှ ပြန်လည် လွတ် မြောက် လာသူ ဖြစ်သည်။ ၂၀၁၀ တွင် ပြည်ထောင်စုဒီမိုကရေစီပါတီကို ဥက္ကဋ္ဌ အဖြစ် ထူထောင်ရာတွင် ပါဝင်ခဲ့သော် လည်း နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီမှလည်း နုတ်ထွက်ခဲ့သည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လှည်းကူးမြို့နယ် မှ အနိုင်ရရှိခဲ့ကာ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ
ကရင်တိုင်းရင်းသားတဦးဖြစ်ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မန်းဂျော်နီကို ၁၉၄၂ ခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဂေါင်းကြီး ကျေးရွာ၌ အဖ ဦးကျော်ဦး နှင့် အမိ ဒေါ်စီစီလျား တို့က မွေးဖွားခဲ့သည်။
အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်သည့် ခရစ်ယာန်ဘာသာဝင် မန်းဂျော်နီ မှာ ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ Dip.Ed. ပညာရေးဘွဲ့ ရရှိထားသူဖြစ်သည်။
သူသည် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းပြ ကျောင်းဆရာဘဝ ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကာ လက်ထောက် မြို့နယ်ပညာရေးမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နိုင်ငံရေးဖြတ်သန်းမှု အနေဖြင့် ၁၉၈၉ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့ပြီး ပါတီမှ နှုတ်ထွက်ရန် စစ်အစိုးရ၏ ဖိအားပေးခဲ့မှုကို ငြင်းဆန်သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ဖြစ်သည်။
၁၉၉၀ ခုနှစ်တွင် NLD ပါတီ၏ ကျုံပျော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ကာလ ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်အဖြစ် ကန့်ဘလူမဲဆန္ဒနယ် မှ အနိုင်ရခဲ့သူ ကိုယ်စားလှယ် ဖြစ်သည်။
အသက် ၆၅ နှစ်အရွယ် ရှိ ဒေါက်တာ မြင့်နိုင် သည် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး ရွှေဘိုမြို့ ဇာတိဖြစ်သည်။ ဇနီး ဖြစ်သူ မှာ ဒေါ်တင့်တင့် ဖြစ်ပြီး သားသမီး ၃ ဦး ရှိသည်ဟု သိရသည်။
သူသည် ၁၉၈၁ ခုနှစ် တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ကို ရရှိခဲ့သော်လည်း စစ်အစိုးရ ၏ ဖမ်းဆီး ထောင်ချခြင်းနှင့် ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရသည်။
ထို့သို့ ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရပြီးနောက် ထီလက်မှတ်များ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ သူရောင်းချသည့် ထီလက်မှတ်များ ကို မဝယ်ကြသဖြင့် ဆေးခန်းများ၊ ဆေးရုံများရှေ့တွင် ကလေးကစားစရာ ပူပေါင်းများ ရောင်းချခဲ့ရသည်။
ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်ဟု သိရသည်။
သူသည် အမျိုးသားလွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ကော်မတီ နှင့် တောင်သူလယ်သမား ရေးရာ ကော်မတီ အဖွဲ့ဝင်အဖြစ် လည်း ပါဝင်လုပ်ဆောင်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးဝင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ ပါတီ၏ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး အသက် ၅၂ နှစ် အရွယ်ရှိ ဦးဝင်းသိန်း သည် ပညာအရည်အချင်း အားဖြင့် B.E (Mechanical) နှင့် A.G.T.I (Machine Tools) ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မိဘနှစ်ပါးဖြစ်သည့် ဦးစို နှင့် ဒေါ်သန်းကျင် တို့မှာလည်း တောင်သူလုပ်ငန်းများ လုပ်ကိုင်ကြသည်။
ဇနီးဖြစ်သူ မှာ ဒေါ်စန်းစန်းမော် ဖြစ်ပြီး မောင်ဆက်ဝင်းမာန် အမည်ရှိ သားတဦး ရှိသည်။
သူသည် အမှတ် ၂၆၊ စိုင်တမော့ကြီးကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသည် ဟု သိရသည်။
တနသာၤရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်
တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သရက်ချောင်း မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရရှိခဲ့သူဖြစ်သည်။ မိဘနှစ်ပါး မှာ တပ်မတော် (ရေ) အငြိမ်းစား ဖြစ်သူ ဦးမောင်မောင် နှင့် အထက်တန်းပြဆရာမ ( အငြိမ်းစား ) ဒေါ်ယဉ်ကြည် ဖြစ်သည်။
ဒေါက်တာ လဲ့လဲ့မော် သည် အသက် ၅၀ နှစ် ရှိပြီဖြစ်ပြီး ပညာအရည်အချင်းအားဖြင့် M.B.B.S (RGN) ဘွဲ့ရရှိထားကာ မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။
ခင်ပွန်းဖြစ်သူ မှာ ဦးထွန်းမင်း ဖြစ်ပြီး ရော်ဘာသယ်ယူပို့ဆောင်ရေး ယာဉ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သားသမီး ၄ ဦး ရှိသူဖြစ်သည်။
သားသမီးများမှာ မောင်သန့်ခင်မောင်၊ ဒေါက်တာ ကြည်မြတ်မော်(နေပြည်တော် ကုတင် ၁၀၀၀- လက်ထောက်ဆရာဝန်)၊ မောင်သန့်ထွေးမော် (တက္ကသိုလ် ကျောင်းသား) နှင့် မရွှန်းလဲ့ရည်မင်း (ကျောင်းသူ) တို့ဖြစ်သည်။
ဒေါက်တာလဲ့လဲ့မော် သည် သူငယ်တန်းမှ စတုတ္ထတန်း အထိ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ၊ အမက ၉ တွင် လည်းကောင်း၊ ၅ တန်းမှ ၁၀ တန်း အထိ တာမွေမြို့နယ် အထက ၃ တွင် လည်းကောင်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်ဆေးတက္ကသိုလ် ၁ တွင် ပညာဆည်းပူးခဲ့ကာ အရှေ့ပိုင်းဆေးရုံ ကျန်းမာရေးဌာန တွင် လက်ထောက်ဆရာဝန်အဖြစ် ၁၉၉၂ ခုနှစ် မှ ၁၉၉၇ ခုနှစ် အထိ လည်းကောင်း၊ သရက်ချောင်း ပြည်သူ့ဆေးရုံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သို့ ဝင်ရောက်ခဲ့ပြီး သရက်ချောင်းမြို့နယ် နှင့် ထားဝယ်ခရိုင် ရှိ ဒေသအချို့တွင် ပါတီ နှင့် တွဲဖက်ကာ အခမဲ့ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့သည် ဟု သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေါက်တာအောင်မိုးညို မှာ ၁၉၈၂ ခုနှစ်တွင် ဆေးတက္ကသိုလ် ၁ ရန်ကုန် မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူဖြစ်သည်။ သူသည် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အနိုင်ရရှိခဲ့သည် ဟု သိရသည်။ နိုင်ငံရေးလှုပ်ရှားမှု ဖြင့် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထပ်မံ အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူဖြစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာ ဇော်မြင့်မောင်သည် ဆရာဝန်တစ်ဦး ဖြစ်ပြီး မန္တလေး ဆေးတက္ကသိုလ်တွင် ဇီဝဓာတု ဘာသာရပ် သရုပ်ပြ ဆရာတဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်သည်။
သူသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။
ထိုစဉ် က စစ်အစိုးရ ၏ လွှတ်တော် ခေါ်ပေးရန် ပျက်ကွက်မှုများကြောင့် နိုင်ငံရေး တင်းမာမှုများ ရှိလာခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူ ဒေါက်တာဇော်မြင့်မောင်ကို စင်ပြိုင် အစိုးရ တည်ထောင်သည်ဟု စစ်အစိုးရ က စွပ်စွဲသည် အတွက် အင်းစိန် စစ်ခုံရုံး တွင် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီဝင် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော ်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သည်။
သူသည် လွှတ်တော်တွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရကြောင်း သိရသည်။
သူသည် NLD ပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ တွင် သုံးထပ်ကွမ်း အနိုင်ရထားသူ ဖြစ်ပြီး လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲကာ ပါတီ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန် ပေးအပ်ခံထားရသူ ဖြစ်သည်။