မန္တလေးမြို့ရှိ မီးလောင်ခဲ့သည့် မင်္ဂလာဈေးမှ ဈေးသူဈေးသားများက ဈေးကြီးပြန်လည်ပြင်ဆင်မှု မပြီးစီးခင် ယာယီနေရာအဖြစ် “ဂေါ်ရာ” အားကစားကွင်းတွင် ဈေးဖွင့်ခွင့်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
“ကျနော်တို့ အားလုံးက စည်ပင်ဈေးမှာ အခွန်ပေးပြီး ဈေးရောင်းတဲ့သူတွေ၊ အခုတောင်းတာလည်း စည်ပင်ပိုင်တဲ့ အားကစားကွင်းပါ။ လက်ရှိဈေးနဲ့လည်း သိပ်မဝေးတဲ့အတွက် ဈေးဝယ်တွေလည်း လိုက်လာနိုင်သလို၊ လုံခြုံမှုလည်း ရှိတယ်” ဟု မင်္ဂလာဈေး စတင်ဖွင့်လှစ်ကတည်းက ဈေးရောင်းချနေသည့် မိုးပြည့်အောင်ရောင်းဝယ်ရေးမှ ကိုမောင်မောင်ဆန်းက ပြောသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၇၀ x ၇၁ လမ်းကြားရှိ စည်ပင်ပိုင် ဂေါ်ရာအားကစားကွင်း (ဘောလုံးကွင်း) တွင် ဈေးသူဈေးသားများက ဈေးယာယီရောင်းချရန်အတွက် ဈေးအကျိုးတော်ဆောင်များ မှတဆင့် တင်ပြ တောင်းဆိုသော်လည်း လက်ရှိအချိန်အထိ ရေရာသည့် အဖြေမရရှိသေးကြောင်း မင်္ဂလာဈေး ဈေးသူဈေးသားများက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက “တမြို့လုံးမှာမှဒီကစားကွင်းလေး တခုရှိတာ၊ လူတစုအတွက် အဆင်ပြေပေမယ့် လူအများအတွက် ကြည့်ရမယ်လေ၊ ပြောင်းတယ်ဆိုလဲ အနည်းဆုံး ၂ နှစ်လောက်ကြာမယ်။ ဈေးဖြစ်တဲ့အတွက် နောက်ဆက်တွဲ သန့်ရှင်းမှုကိစ္စတွေရော ပါလာနိုင်လို့ ဂေါ်ရာကွင်းကို ပေးလို့မဖြစ်ပါဘူး” ဟု ပြောဆိုသည်။
ဂေါ်ရာဘောလုံးကွင်းသည် လူထုအပန်းဖြေ ဧရိယာပုံစံ မဟုတ်ဘဲ အားကစားဝါသနာပါသူများ မကြာခဏ ဘောလုံးကစားသည့် ကွင်းတခုဖြစ်ပြီး ကုန်စည်ပြပွဲများ ရံဖန်ရံခါ ပြုလုပ်လေ့ရှိသည့် မြို့လယ်ခေါင်ရှိအားကစားကွင်းတခု ဖြစ်သည်။
မန်းစည်ပင်ကော်မတီက ဈေးမီးကြောင့် နေရာဆုံးရှုံးခဲ့သည့် ပျံကျဈေးသည်များအတွက် ဈေးအနီးရှိ လမ်း ၃၀၊ ၃၁ လမ်း၊ ၇၂ လမ်းနှင့် ဆရာဝန်များ အသင်းတိုက်ရှေ့တွင် ဖွင့်လှစ်ရန် ယာယီနေရာ အစားပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနေရာများအား ပျံကျဈေသည်များက ယနေ့မွန်းလွဲ ၃ နာရီတွင် မဲနှိုက်ရွေးချယ်ရမည်ဟု မင်္ဂလာဈေးတံခါးတွင် ကြေညာဘုတ်ထောင်ကာ အသိပေးထားသည်ကို တွေ့ရသည်။ အတည်ဆိုင်ခန်းများအတွက် ယာယီနေရာ ပေးရန် စီစဉ်ဆဲဟု မန်းစည်ပင်ကော်မတီက သိရသည်။
ဈေးရောင်းကောင်းချိန် သင်္ကြန်ကာလ ဖြစ်သောကြောင့် အတည်၊ ပျံကျဈေးသည် ၅၀၀ ကျော်က အမြန်ဆုံး ဈေးပြန်လည် ရောင်းချနိုင်ရန် တာစူနေကြသည်။
“မီးလောင်ပြီး ဒုက္ခရောက်လို့ လမ်းဘေးထွက် ဈေးရောင်းရတာပါ၊ ဘယ်သူမှ လမ်းဘေးမှာ မထွက်ချင်ကြပါဘူး။ ည ၁ နာရီမှာ စည်ပင်က လာဖမ်းတယ်၊ သူတို့ပေးတဲ့ လမ်းကြားတွေက လုံခြုံမှုလည်း မရှိဘူး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် ရေရှည်ကျ အဆင်ပြေမှာလည်း မဟုတ်ဘူး” ဟူ ပျံကျကုန်စိမ်းသည် တဦးက ပြောသည်။
ဈေးသူဈေးသားများက မီးသင့်ခဲ့သည့် မင်္ဂလာဈေးကြီးအား အကြီးစား ပြင်ဆင်မှုပြုလုပ်ပြီး အမြန်ဆုံး ဈေးပြန်ဖွင့်နိုင်ရန် မျှော်လင့်နေကြကြောင်း ပြောဆိုသည်။
“ဒီဧရိယာအတိုင်းပြန်ပြီး ထွက်ချင်ပါတယ်၊ ဒါပေမယ့် ကျမတို့မှာ အခုထက်ထိ နေရာအတည်တကျ မရှိသေးဘူး။ အတည်တကျလေးဖြစ်အောင် လုပ်ပေးစေချင်ပါတယ်။ ဖျက်လိုက်ရင် ကာလက အရမ်းကြာသွားမယ်” ဟု မင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။
မီးလောင်သွားသည့် မင်္ဂလာဈေး အဆောက်အအုံအား မန်းစည်ပင်ကော်မတီ၊ အင်ဂျင်နီယာအသင်း (မန္တလေး)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ နည်းပညာတက္ကသိုလ်မှ ကထိက အင်ဂျင်နီယာများ ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း မန်းစည်ပင်ကော်မတီမှ သိရသည်။
“လက်ရှိမှာ လူနေဖို့မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် အင်ဂျင်နီယာတွေက သတ်မှတ်ထားတယ်။ RC အဆောက်အဦးမှာ အကြီးစား ပြင်ဆင်မှုဆိုတာ ရှိမှမရှိဘဲ၊ အဲဒါကြောင့်ဖျက်ပြီး လုပ်စရာရှိတာ လုပ်ရမှာလေ” ဟုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှုး ဦးသက်နိုင်ထွန်းက ပြောသည်။
မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမီးကြောင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၁ သောင်းကျော် (၁၀,၅၄၆.၆၀) ဆုံးရှုံးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။ ၎င်းအနက် အတည်ဆိုင်ခန်း ၂၉၈ ခန်း၊ ပျံကျဆိုင် ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။