သတင်း

အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး ပါဝင်လာသဖြင့် အမျိုးသမီးအရေး ပိုမိုလုပ်ဆောင်လာမည်ဟု မျှော်လင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ အဖြစ် ရွေးကောက်ခံရသူ ဦးထင်ကျော်က တင်သွင်းသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်စာရင်းတွင် အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး ပါဝင်လာသဖြင့် လာမည့် အစိုးရသစ်အဖွဲ့တွင် အမျိုးသမီးအရေးကို ပိုမို လုပ်ဆောင်လာနိုင်မည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြသည်။

တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်စာရင်း တင်သွင်းခံရသည့် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လဲ့လဲ့မော်တို့ ဖြစ်ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ယူရမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြမည့် ဝန်ကြီးဌာန အသီးသီး၌ အမျိုးသမီး အများအပြား ဦးဆောင်ပါဝင်ခွင့် ရမည်ဟု မျှော်လင့်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပါဝင်ခဲ့သည့်အပေါ်ကိုမူ အားရမှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီကို ပြောဆိုသည်။

“NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီးတွေ အရင်ထက် များများပါဝင်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ကျမတို့ မျှော်လင့်တဲ့အတိုင်း အမျိုးသမီးအရေအတွက် မပါလာဘူးဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်မှာ အမျိုးသမီးဝန်ကြီးချုပ် ၂ ဦး ပါလာတာကိုတော့ ကြိုဆိုပါတယ်။ ဒီထက်ပိုရှိစေချင်ပါတယ်” ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် “ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်”မှ မမေစံပယ်ဖြူက ပြောသည်။

အစိုးရသစ်အဖွဲ့က အမျိုးသမီးအရေးနှင့် ပတ်သတ်ပြီး ကဏ္ဍပေါင်းစုံ အဆင့်တိုင်းတွင် ယခင်ထက်ပိုပြီး စဉ်းစားပေးရန်၊ အမျိုးသမီးဘဝ မြှင့်တင်တိုးတက်စေရန်အတွက် နိုင်ငံတော်အဆင့်ဖြင့် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ငွေကြေးဘတ်ဂျက်များ အလေးထား ချပေးမည်ကိုလည်း မျှော်လင့်နေသည်ဟု မမေစံပယ်ဖြူက ဆက်ပြောသည်။

တိုင်းနှင့် ပြည်နယ်တွင် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦး ပါဝင်လာခြင်းအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်သည့်ကိစ္စများ ပိုမိုဆောင်ရွက်ပေးခြင်း၊ ဥပဒေပြဌာန်းခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ လုံခြုံရေး၊ အခွင့်အရေးများကို အမျိုးသားများထက် ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုက ဧရာဝတီကို ပြောသည်။

“ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ အမျိုးသမီးတွေက တနိုင်ငံလုံးရဲ့ အရေးကိစ္စကိုလည်း စဉ်းစားရမယ်။ ကိုယ်ပြည်နယ် ဖွံ့ဖြိုးမှုကိုလည်း စဉ်းစားရမယ်။ ပြီးတော့ ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ ဘာသာရေး အယူအဆတွေကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ အမျိုးသမီးဘဝ မြှင့်တက်လာဖို့ ဦးစားပေး လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်တင်တင်ညိုက ဆိုသည်။

အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူများက မျှော်လင့်ထားသည့် အစိုးရအဖွဲ့တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးသည် လက်ရှိ အခြေအနေတွင် အလှမ်းဝေးနေသေးကြောင်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာအောင် ဆက်လက် လှုပ်ရှားသွားမည် ဖြစ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့် နိုင်ငံရေးကိစ္စများ ပြင်ဆင် ဆောင်ရွက်နေချိန်တွင် အမျိုးသမီးအရေး ကိစ္စကိုလည်း ချန်လှပ်မထားဘဲ ဦးစားပေး ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဒေါ်တင်တင်ညို ဆက်ပြောသည်။

ထားဝယ်အမျိုးသမီး သမဂ္ဂအဖွဲ့မှ ဒေါ်စုစုဆွေက “ဝန်ကြီးချုပ်၂ ဦး ပါလာတာကတော့ အမျိုးသမီးတွေအတွက် အားတက်စရာပေါ့လေ။ တခါတလေမှာတော့ ကျမတို့ပြန်ကြည့်ရမှာက အမျိုးသမီးပါတာနဲ့ Gender ပါပြီလို့ ပြောလို့ မရဘူး။ တနင်္သာရီတိုင်းရဲ့ အမျိုးသမီးတွေနဲ့ ပတ်သတ်ရင်၊ လူမှုဖူလုံရေးနဲ့ ပတ်သက်ရင် ဘယ်လောက်အထိ အကျိုးပြုမှာလဲ။ သူ စွမ်းအား ဘယ်လောက်ထုတ်မှာလဲ ဆိုတာကိုတော့ စောင့်ကြည့်နေမှာပါ” ဟု ဧရာဝတီကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်သည့် NLD သည် နိုင်ငံတဝှမ်းလုံး မဲအပြတ်အသတ် အနိုင်ရရှိခဲ့ရာ လာမည့်အစိုးရသစ်သည် အမျိုးသမီးဦးဆောင်မည့် အစိုးရသစ် ဖြစ်သည့်အတွက် မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် အမျိုးသမီး အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိန်းမှုများ၊ ဘက်ပေါင်းစုံမှ မဖွံ့ဖြိုးသေးသည့် အမျိုးသမီးများ၏ ဘဝရပ်တည် လုံခြုံရေးအတွက် ကာကွယ်ပေးမည့် ဥပဒေတရပ် ပေါ်ထွန်းလာရန် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြကြောင်း ပြောဆိုကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ဦး ခန့်အနက် ၁၅၀ ဦးခန့် အနိုင်ရရှိခဲ့ပြီး၊ လက်ရှိလွှတ်တော်အသစ်တွင်လည်း အမျိုးသမီး ကိုယ်စားလှယ်ဦးရေ ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading