ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအား မဟာမိတ်အဖွဲ့များက တားဆီးနေသည်ကို မရပ်ဘဲ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက မြောက်ပိုင်းမဟာမိတ် အဖွဲ့များက ပူးပေါင်းပြီး နိုင်ငံရေးအရ အရေးယူမှုများ ပြုလုပ်သွားရန် ပန်ဆန်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) က ဦးဆောင် ကျင်းပခဲ့သည့် “ပန်ဆန်း” အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့များမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဖြစ်ကြသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင ်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ ဖြစ်သည် ။
“ပန်ဆန်း”အစည်းအဝေးကို မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး၊ ထိုအစည်းအဝေးတွင် အစိုးရသစ် လက်ထက်၌ လုပ်ဆောင်ကြမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ကြာရှည်စွာ ဖြစ်ပွားနေသည့် TNLA နှင့် RCSS တို့၏ ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ပန်ဆန်း” အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “အဲဒီမှာ နယ်မြေလုတာ၊ အချင်းချင်းထိုး (တိုက်ခိုက်ကြ) တာနဲ့ ပြည်သူလုထုကို ဒုက္ခပေးမယ်ဆိုရင် အားလုံးဝိုင်းပြီး အရေးယူမယ်။ အဖက်ဖက်ကပေါ့။ နိုင်ငံရေးမှာဖြစ်ဖြစ်၊ စုစည်းရေးမှာ ဖြစ်ဖြစ်ပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တားဆီးမရဘဲ ဆက်လက် တိုက်ပွဲ ဖြစ်နေမည်ဆိုပါက စစ်ရှောင်နေရသည့် ပြည်သူလူထုကို ငဲ့ညှာပြီး ပဋိပက္ခ လုပ်ဆောင်နေသည့် အဖွဲ့များကို အရေးယူမှုထက် တဆင့်မြှင့်၍ အကြမ်းနည်းဖြင့် ကိုင်တွယ်ရလိမ့်မည် ဟုလည်း ဦးကြည်မြင့်က ဆက်ပြောသည်။
“ပန်ဆန်း” အစည်းအဝေးတွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်ထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အစိုးရတပ်မတော်က TNLA ၊ KIA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ထိုးစစ်ဆင်နေသည့်အပေါ် အစိုးရတပ်မတော်က ချက်ချင်းရပ်တန့်ပေးပါဟုလည်း ထည့်သွင်း တောင်းဆိုထားသည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်ဘဲ ဒုက္ခသည်အဖြစ် စစ်ရှောင်နေရသည့် ဒေသခံ တထောင်ဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သတ်၍ TNLA နှင့် RCSS တို့အား တိုက်ပွဲများ ရပ်တန့်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း (သို့မဟုတ်) မရပ်တန့်ဘဲ ပဋိပက္ခများ ဆက်လက်လုပ်ဆောင်နေပါက လုပ်ဆောင်သည့်ဘက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပူးပေါင်းပြီး တားဆီးကာကွယ်သွားရန် သဘောတူလိုက်သည်ဟုလည်း ပန်ဆန်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးက အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူညီကြပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရသစ်နှင့်အတူ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ပန်ဆန်း” ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက “တိုက်ပွဲ မဖြစ်ဖို့ သူတို့က တားဆီး ကာကွယ်မယ်ဆိုတာ ကောင်းတဲ့ စေတနာပဲ။ ၁ အချက်က ကြိုဆိုပါတယ်။ ၂ အချက်က တိုက်ပွဲမဖြစ်အောင် TNLA ကို ပြောရင် ပိုသင့်တော်မယ်။ TNLA က ကျနော်တို့ကို စပြီး တိုက်တာပါ။ TNLA မတိုက်ရင် တိုက်ပွဲဖြစ်စရာ မရှိပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။
ထို့အပြင် RCSS အနေဖြင့် “ပန်ဆန်း” ထုတ်ပြန်ချက်တွင် ပါရှိသည့် ပူးပေါင်းတားဆီး ကာကွယ်မည်ဆိုသည့် အချက်ကို အပြုသဘောဆောင်၍ ကြိုဆိုကြောင်းနှင့် တိုက်ပွဲများ ရပ်တန့်စေရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့များက TNLA အဖွဲ့ကို ကူညီ၍ ပြောပေးစေလိုသည်ဟုလည်း ဗိုလ်မှူးကြီးစိုင်းလှက ပြောဆိုသည်။
“ပန်ဆန်း” အစည်းအဝေးတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားအဖွဲ့များအနက် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ မှ ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ TNLA နှင့် RCSS အဖွဲ့အကြား နိုဝင်ဘာလအတွင်းမှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ TNLA က RCSS သည် ၎င်းတို့နယ်မြေအတွင်း အင်အားနှင့် ဝင်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု ပြောဆိုပြီး RCSS က TNLA သည် ၎င်းတို့အဖွဲ့မှ သင်တန်းတက်ပြီး ပြန်လာကြသည့် အဖွဲ့များကို စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
RCSS သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ TNLD အဖွဲ့သည် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိပေ။