မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား ကလေး ၅ ယောက်လျှင် တယောက်သည် ကျောင်းတက်ရမည့်အစား အလုပ်ခွင်ဝင် နေရကြောင်း မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်သော အလုပ်အကိုင်နှင့် ဆက်လျဉ်းသည့် စစ်တမ်း အစီရင်ခံစာတခု အရ သိရသည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော သန်းခေါင်စာရင်း၏ အစိတ်အပိုင်းအနေဖြင့် ထုတ်ဝေသည့် The Occupation and Industry report အစီရင်ခံစာက အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား အလုပ်လုပ်နေသည့် ကလေး ၁ ဒသမ ၇ သန်းရှိကြောင်း ဆိုသည်။
“ဒီနေ့ခေတ်မှာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၅ ယောက်မှာ ၁ ယောက်နှုန်းက သူတို့ အရွယ်ရောက် လာတဲ့အခါ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့ နဲ့ အလုပ်အကိုင် လုံခြုံမှု ရှိဖို့ အထောက်အကူပေးနိုင်တဲ့ ပညာရေးကို ဆုံးရှုံးနေကြရတယ်”ဟု ကုလသမဂ္ဂလူဦးရေ ငွေကြေးရံပုံငွေအဖွဲ့ (United Nations Population Fund – UNFPA) မြန်မာနိုင်ငံကိုယ်စားလှယ် Janet E. Jackson က ကြေညာချက်တွင် ပြောထားသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ အတော်များများသည် ဆင်းရဲကြပြီး လူဦးရေ ၁ သန်းသည် သဘာဝဘေးအန္တရယ် များကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်းနှင့် ပြည်တွင်းပဋိပက္ခကြောင့် သိန်းချီသောလူများသည်လည်း နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ အဆိုအရသိရသည်။
အလုပ်အကိုင်နှင့်ပတ်သက်၍ လုပ်သားဈေးကွက်၌ ကျား၊ မ ကွာခြားမှုများ ရှိနေသည်ကို ထောက်ပြခဲ့သည်။ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း အမျိုးသမီး ထက်ဝက်ခန့်သည် အလုပ်လုပ်နေကြသည် သို့မဟုတ် အလုပ်ရှာနေကြရသည်ကို အမျိုးသား ၈၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ခဲ့သည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၅၂ ရာခိုင်နှုန်းကျော်က စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ငါးလုပ်ငန်း ကဏ္ဍများတွင် လုပ်ဆောင်နေကြ ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
အဆိုပါ အချက်အလက်များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေး ကဏ္ဍမှ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရေး နှင့် လယ်သမားတို့၏ ဝင်ငွေမြင့်တင်ရေးများတွင် အသုံးပြုနိုင်ကြောင်း သန်းခေါင်းစာရင်းကောက်ခံရာတွင် အစိုးရကို ကူညီခဲ့သော ကုလသမဂ္ဂ ငွေကြေးရံပုံငွေအဖွဲ့ ကပြောသည်။
ထို့ပြင် အသက်အရွယ်ကြီးသူ အသက် ၆၅ နှစ်နှင့် အထက် လူဦးရေ ၅ ယောက်လျှင် ၁ ယောက်နှုန်း အလုပ်ခွင် ဝင်နေရ သေးကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ အများအားဖြင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းများတွင် ဖြစ်သည်။
“စီးပွားရေး အခြေအနေအရ လူအများအပြားက ဘဝရပ်တည်ရှင်သန်ဖို့အတွက် အသက်ကြီးတဲ့အထိ အလုပ်ကြမ်းတွေ လုပ်ကြရတဲ့ဆိုတာ ဒီအချက်အလက်တွေအရ သိရပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကြီးတဲ့လူတွေကိုအတွက် လုံလောက်တဲ့ လူမှုဝန်ဆောင်မှုနဲ့ မူဝါဒတွေချမှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု Jackson ကပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စု သုံးပုံလျှင် တပုံသာ လျှပ်စစ်မီး ရရှိကြပြီး မွေးကင်းစ ကလေး သေဆုံးမှုက ၁ သိန်းတွင် ၆၂ ဦး ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှ လူ့သက်တမ်းမှာ ၆၆ ဒဿမ ၈ နှစ်အထိ ဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၇၄ နှစ် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။