နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း က ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြည်ထောင်စုလွှတ်တော်သို့ တရားဝင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ဦးထင်ကျော်ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက အလေးပေး ပြောဆို ခဲ့ပြီး သမ္မတ မိန့်ခွန်းမှာ ၂ မိနစ် ၄၀ စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။ သမ္မတဦးထင်ကျော် ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
“တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
ဒီပြည်ထောင် စု လွှတ်တော်ကြီးက ကျနော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်တာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးဖြစ်တာကြောင့ ်များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့အညီ ကျနော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ်ဖြစ် လာပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလာဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယ အကြိမ် လွှတ်တော် နဲ့ အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မူ ဝါဒ များနဲ့ကိုက်ညီအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။
ယခုအစိုးရအသစ်အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်သူလုထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးကို အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။
လွှတ်တော် နာယကကြီး၊ ကိုယ်စားလှယ်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ နှင့်နိုင်ငံသူနိုင်ငံသားများခင်ဗျား
ဒီနေ့ ဒီအချိန်မှာ လေးနက်စွာ တင်ပြလိုတဲ့အချက်တခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကဘဲ ကျနော်ဟာ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုပြီးဖြစ် တာကြောင့် အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြောင်း ကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။
နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိနားလည်ထားပါတယ်။ နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ အခုပေါ်ပေါက်လာတဲ့ပြည်ထောင်စုအစိုးရ အဖွဲ့ဟာ ပြည်သူလူထု ရဲ့ မျှော်လင့်ချက်များ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြား လိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။