နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ပေါ်ထွန်းလာသော အရပ်သားသမ္မတသစ် ဦးထင်ကျော် ထံသို့ သမ္မတဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ခြင်းဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့ သော စစ်အာဏာရှင်စနစ်နှင့် ၂၀၁၆ ခုနှစ်အထိ ပေါ်ပေါက်ခဲ့သော အသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ် မှုကို အဆုံး သတ်လိုက်ပြီဖြစ်သည်။
သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်း လွှတ်တော်တွင် ကျမ်းသစ္စာဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ သူ၏ ပါတီဖြစ် သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများကို အလေးပေးပြောကြားသွား ခဲ့သည်။ သူသမ္မတ အဖြစ်ရွေးချယ်ခံရခြင်း၏ သမိုင်းဝင်ထူးခြားမှုကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး ကို ရှေးရှုသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနှင့် ပြည်သူလုထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးကို သူ၏ အစိုးရအဖွဲ့၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများအဖြစ်ဖော်ပြခဲ့သည်။
“၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလာဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယ အကြိမ်လွှတ်တော်နဲ့ အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မူဝဒါများနဲ့ကိုက်ညီအောင် ဆောင်ရွက်ထား တာဖြစ်ပါတယ်။” ဟု သူကပြောသည်။
ယခုနံနက် အစောပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သော ဦးထင်ကျော်က သူ၏ အစိုးရအဖွဲ့အနေဖြင့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လည်းပြောသည်။
“နိုင်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တာနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိနားလည်ထားပါတယ်” ဟု ဦးထင်ကျော်ကပြောသည်။
၂ မိနစ်နှင့် ၄၀ စက္ကန့် ကြာမြင့်သည့် မိန့်ခွန်းသည် ပြဿနာများဝိုင်းရံနေသော တိုင်းပြည်တခုတွင် (နိုဝင်ဘာလ ရွေး ကောက်ပွဲ တွင် NLD ၏ အောင်မြင်မှုကသက်သေပြခဲ့သလို) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အတွက် စိတ်အား ထက်သန်နေ ကြကြောင်း သွယ်ဝိုက်၍ ပြသနေခြင်း ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါတွင် အဆိုပါ ဦးဆောင်မှု၏ မျက်နှာစာက ဦးထင်ကျော် ဖြစ်လာတော့မည် ဖြစ်သည်။
နှစ်ပေါင်း ၅၀ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော အရပ်သားသမ္မတသည် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဆန္ဒ ကို အတိုင်းလိုက်နာဆောင် ရွက်သူ တယောက် ဖြစ်ရမည်ဟု ပြောခဲ့သည့် အတိုင်း တိုင်းပြည်၏ ပထမဆုံးသော ကိုယ်စား လှယ် သမ္မတလည်းဖြစ်လာဖွယ်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူး တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု မအောင် မြင်ခဲ့သည့် အတွက် ထိုသို့ ပုံမှန် မဟုတ်သည့် အစီအစဉ် ဖြစ်ပေါ်လာ ရ ခြင်းဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း နှင့် သားသမီး ရှိသူများ သမ္မတတာဝန်ထမ်း ဆောင်ခြင်းမှ တားမြစ်ထားသည့် အတွက် ကွယ်လွန်သူ ခင်ပွန်း နှင့် သား ၂ ဦးက အင်္ဂလန်နိုင်ငံသားများ ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာ နိုင်ခဲ့ပါ။
ဦးထင်ကျော်က NLD ပါတီက မတ်လ ၁၀ ရက်နေ့တွင် အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် နောက် ၅ ရက်ကြာသည့် အခါ ဒုတိယ သမ္မတလောင်း ၃ ဦးထဲတွင် ထောက်ခံမဲ အများဆုံးဖြင့် သမ္မတဖြစ်လာခဲ့သည်။ စစ်တပ်က အမည်စာရင်းတင်သွင်း ခဲ့သည့် ဦးမြင့်ဆွေ နှင့် NLD မှ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူ တို့က ဦးထင်ကျော်၏ အစိုးရ အဖွဲ့တွင် ဒုတိယ သမ္မတ (၁) နှင့် (၂) အဖြစ် အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပညာရေးနှင့် သမ္မတရုံး ဝန်ကြီး ဌာန ၄ခုကို တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။ ဦးထင်ကျော် ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အခြား ဝန်ကြီး ၁၇ ဦးနှင့် အတူ လွှတ်တော်တွင် ကျမ်းသစ္စာဆိုခဲ့သည်။
ဦးထင်ကျော်သို့ အာဏာလွှဲပြောင်း ပေးခဲ့သော ဦးသိန်းစိန်သည် အငြိမ်းစား ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ အရပ်သား အမည်ခံအစိုးရ၏ သမ္မတအဖြစ် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း တွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်ပြုလုပ်ခဲ့သည့် အတွက် ချီးကျူးခံခဲ့ရသော်လည်း ပြုပြင် ပြောင်းလဲရေးများကို တွန်းအားပေးဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက်လည်း ဝေဖန်ခံခဲ့ရသည်။
ဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က နှင့် စာလျှင် နိုင်ငံရေးလွတ်လပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးခဲ့သော် လည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဖမ်းဆီးထောင်ချခြင်း ခံနေရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အညင်းပွားဖွယ်ရာ အခြေခံ ဥပဒေကို ပြင်ဆင်ရေး အားထုတ်မှုများမှာလည်း ဦးသိန်းစိန်က စိတ်ပါဝင်စားမှု အနည်းငယ်သာ ပြသခဲ့သလို အောင်မြင် မှုလည်းမရရှိခဲ့ပါ။ လာမည့် နှစ်များအတွင်းတွင် ယခင်အစိုးရချန်ထားသည့် အမွေအနှစ်များက အချေအတင် အညင်းပွား ဖွယ်ရာများ ဖြစ်လာမည်မှာ သံသယရှိစရာမလိုပါ။
ဦးထင်ကျော်က မိန့်ခွန်း နိဂုံချုပ်တွင် အစိုးရတခုက ပြည်သူများအတွက် ၎င်းတို့၏ တာဝန်နှင့် ပတ်သက်၍ ကတိပြုသွားခဲ့ သည်။
“နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ အခုပေါ်ပေါက်လာတဲ့ပြည်ထောင်စုအစိုးရ အဖွဲ့ဟာ ပြည်သူလူထု ရဲ့ မျှော်လင့် ချက်များ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်း ဖြစ်ပါတယ်။” ဟု ဦးထင်ကျော်က လွှတ်တော်ကိုယ်စားလှယ် များကိုပြောကြားခဲ့သည်။
ယင်းနောက် သမ္မတအိမ်တော်တွင် တာဝန်လွှဲပြောင်းသည့် အခန်းအနား ကျင်းပပြီး ဦးသိန်းစိန်က သမ္မတ အဆောင် အယောင်ဖြစ်သည့် ရွှေစလွယ်ကို ဦးထင်ကျော်သို့ လွှဲပြောင်းပေးခဲ့သည်။ ၅ မိနစ်ကြာမြင့်သည့် အခမ်း အနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်၏ အစိုးရအဖွဲ့သစ်မှ ဝန်ကြီးများ တက်ရောက်ခဲ့ကြသလို ဝန်ကြီး ဟောင်းများ နှင့် တပ်မတော်ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့လည်း တက်ရောက်ခဲ့ကြသည်။