၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သည် တိုင်းပြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တရားဝင် ဥပဒေနှင့်အညီ ဦးဆောင်ခွင့် ရရှိရန် အမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်း တရပ် ယနေ့ တင်သွင်းလိုက်ပြီဖြစ်သည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေကြမ်း ကော် မတီဝင် ဦးအောင်ကြည်ညွှန့်က နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံး ဖြတ်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် ယင်းဥပဒေကို အမျိုးသားလွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ယင်းဥပဒေကြမ်းတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်မည်ဟု ဖော်ပြထား ပြီး အဓိကအားဖြင့် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည် ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး တို့သည် ဥပဒေကြမ်း၏ ရည်ရွယ်ချက်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
“ဒီပုံစံက နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံး ဖြစ်တယ်။ ဒါသာ အတည်ပြုနိုင်ရင်တော့ နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိလာသည့် NLD ကိုယ်စားလှယ် အများစုဖြင့် တိုင်းပြည်ကို ဦးဆောင်နိုင်သည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အပေါ်တွင် ထားရှိသည့် စေတနာများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော် ဥပဒေများနှင့်အညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် ယခု အခွင့်အရေးမျိုးကို ရအောင် အသုံးချခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဧရာဝတီသို့ ပြောသည်။
ဦးလွင်ကိုလတ်က““တိုင်းပြည်အတွက် လိုအပ်တယ်ဆိုရင် ကျနော်တို့ ခေါင်းဆောင်က သူ့ကိုယ်သူ ညှာမှာမဟုတ်ဘူး။ အလုပ်လုပ်မှာ။ ဒါပေမယ့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သူ(ဒေါ်အောင်ဆန်းစုကြည်) လုပ်တဲ့ အလုပ်တွေ အားလုံးကို ဥပဒေနဲ့ အညီဖြစ်အောင် လုပ်သွားမှာပဲ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုကဲ့သို့ ကြိုးပမ်းမှုကို ဥပဒေနှင့် ညီညွှတ်ပါက ထောက်ခံသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးမည့် ဥပဒေကြမ်းတင်ပြခြင်းသည် နိုင်ငံသူ နိုင်ငံသားတို့၏ ဆန္ဒ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က လွှတ်တော်တွင် အဆိုတင်သွင်း စဉ် ပြောဆိုခဲ့သည်။
တိုင်းပြည်အသွင် ကူးပြောင်းမှုကာလတွင် ပြည်သူလူထုအပေါ် အမှန်တကယ် သြဇာညောင်းသည့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်သင့်သော်လည်း ကန့်သတ်ခံထားရသည့် အခြေအနေတွင် ပုံစံတမျိုးဖြင့် ဥပဒေနှင့် အညီ ဦးဆောင်နိုင်ရန် ယခုကိစ္စကို စီစဉ်ရခြင်း ဖြစ်သည်ဟု NLD အသိုင်းအဝိုင်းက ပြောသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးနိုင်သည့်အပြင် အစိုးရအဖွဲ့၊ ဌာနုဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။