သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲဒေသတွင် နေထိုင်ကြသော မုန်းဝန်းတရုတ်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်ကိစ္စ၏ နောက်ကွယ်တွင် မွေးခွန်ထုတ်စရာတွေ အများကြီး ရှိပါသည်။
နိုင်ငံတွင်း မွေးဖွားခဲ့သော တရုတ်လူမျိုးများရှိသော်လည်း ၎င်းတို့မှာ ယနေ့အထိ နိုင်ငံသား အပြည့်အဝ လက်မှတ်ရရှိပိုင်ခွင့် မရှိသေးပေ။ တရုတ်နယ်စပ်အနီးတွင် မွေးဖွားလာသူများအတွက် နိုင်ငံသားလက်မှတ်ထုတ်ပေးခြင်းက ဥပဒေအရ အကျုံးဝင်နိုင်သော်လည်း ယခုကိစ္စက မေးခွန်းထုတ်စရာ ဖြစ်လာရသည်မှာ ဘာကြောင့် ဦးသိန်းစိန် သမ္မတသက်တမ်းကုန်ခါနီးတွင်ကျမှ မုန်းဝန်းတရုတ်တို့ကို နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့ရသနည်း။
မတ်လ ၁၁ ရက်နေ့ နေ့စွဲဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာမိုးညဲဒေသရှိ တာဝန်ရှိသူများသို့ ပေးပို့ခဲ့သော ညွှန်ကြားချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ကြေငြာချက်၌ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ထိုဒေသမှာ နေထိုင်တဲ့ မုန်းဝန်းတရုတ်တွေကို မုန်းဝန်းဗမာဟုတ် သတ်မှတ်ပေးရန် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး လက်ရှိ နိုင်ငံသားအဖြစ် အသိမှတ်ပြုလိုက်သည့် မုန်းဝန်းတရုတ်ကို မုန်းဝန်းဗမာအဖြစ် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယခင်က ၎င်းတို့၏ လူမျိုးနေရာတွင် မုန်းဝန်းတရုတ်ဟု ရေးသားခဲ့သည်။
နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးအောက်တွင် နေခဲ့ရသော မြန်မာနိုင်ငံသည် နိုင်ငံတွင် မွေးဖွားနေထိုင်ခဲ့သော တရုတ်၊ ဟိန္ဒူနှင့် မွတ်စလင်တို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ရန် အပြည့်အ၀ အခွင့်အရေး မရရှိခဲ့ပေ။
မုန်းဝန်းတရုတ်များကို နိုင်ငံသားလက်မှတ် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှမ်းမြောက်ပိုင်းမှာ လက်ရှိနေထိုင်နေကြသော ပလောင်နဲ့ ရှမ်း နိုင်ငံရေးသမားများက ဝေဖန်မှုများ ရှိနေပါသည်။
“သူတို့က ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဘာမှမဆိုင်ဘူး ကျနော်အနေနဲ့ ပြောချင်တယ်။ သူတို့က တရုတ်ယဉ်ကျေးမူနဲ့ပဲ နေနေကြတယ်။ ကျနော်တို့ တိုင်းရင်းသားနဲ့ ဘာမှ မတူဘူး။ ဗမာနဲ့ ရော လုံးဝ မတူဘူး။ လူနေမှုပုံစံရော ဘာသာစကားရော တစ်စက်မှ မတူဘူး”ဟု တအောင်းအမျိုးသားပါတီ တာမိုးညဲ မြို့နယ် ကွတ်ခိုင်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးအိုက်မွန်းက ပြောသည်။
“ကျနော်တို့ အနေနဲ့ တိုင်းရင်းသားလို့ ပြောနေတော့ နားထဲမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာ ပေါ့ဗျာ။ မဖြစ်နိုင်တဲ့ဟာကို ပေးလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ အာဏာလည်းမရှိဘူး။ စိတ်ထဲမှာ ခံစားရတာပေါ့ဗျာ”ဟု ဦးအိုက်မွန်းက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ၁၉၈၂ နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေအရ တိုင်းပြည်အတွက် အကျိုးရှိမည့် အရေးကိစ္စကို သမ္မတအနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း 7Days နေ့စဉ် သတင်းစာသို့ ပြောခဲ့သည်။
ရှမ်းအမျိုးသားတိုးတက်ရေးပါတီမှ အဖွဲ့ဝင်ဟောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ခဲ့သော လွှတ်တော်အမတ်ဟောင်း စိုင်းမောင်တင်က မုန်းဝန်းတရုတ်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန်အတွက် ဆုံးဖြတ်ချက်မချမီ ရှမ်းခေါင်ဆောင်များနှင့် အစိုးရက တိုင်ပင်ဆွေးနွေးသင့်ကြောင်း ပြောသည်။
“သူတို့က ကျနော်တို့ ရှမ်းစော်ဘွားတွေလက်အောက်မှာ နေလေ့ရှိတယ်။ အဲဒါတော့ ဆက်စပ်မူ ရှိတယ်။ သိန္နီစော်ဘွားလက်အောက်မှာ နေဘူးတယ်။ ဒါပေမယ့် တရုတ်လူမျိုးပါပဲ။ ပြောရမယ်ဆိုရင် သူတို့က ကိုးကန့်လူမျိုးတွေနဲ့ ပုံစံချင်းတူတာပေါ့။ မုန်းဝန်းဆိုတာ ရှမ်းပြည်နယ်မှာ ရှိတဲ့ တရုတ်လူမျိုး တမျိုးပေါ့” ဟု စိုင်းမောင်တင်က ပြောသည်။
“အဲဒီအတွက် ကျနော်အမြင်ကတော့ သူတို့ ဒီနိုင်ငံမှာ နေခဲ့တယ်ဆိုတော့ နိုင်ငံသားဖြစ်ရေးကိစ္စမှာ ငြင်းစရာ ပြောစရာတော့ ဘာမှ မရှိဘူး။ နိုင်ငံသားခံယူခွင့် ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ ရှမ်းခေါင်ဆောင်တွေနဲ့တိုင်ပင်ပြီးတော့မှ အစိုးအနေနဲ့ အသိအမှတ်ပြုသင့်တယ်” ဟု စိုင်းမောင်တင်ကပြောသည်။
“အခု လုပ်သွားတဲ့ကိစ္စက ပိုပြီး ရူပ်ထွေးသွားးမယ် ထင်တယ်လို့” သူက ဆက်ပြောပါသည်။
ဦးသိန်းစိန်အစိုးရသည် ထိုမုန်းဝန်းတရုတ် ကိစ္စကို ပထမဆုံး ဆောင်ရွက်ခဲ့ခြင်း ပုဂ္ဂိုလ် မဟုတ်ပါ။ ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတည်းက မုန်းဝန်းတရုတ်တို့ကို နိုင်ငံသားခံယူခွင့်ပေးရန် ပထမဆုံး ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယခင်အာဏာသိမ်း ဗိုလ်ချုပ်များဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်တို့နှင့် ၁၉၈၀ ခုနှစ်ကတည်းက မုန်းဝန်းတရုတ်လူမျိုးု ပြည်သူ့စစ်ခေါင်ဆောင်ဖြစ်သည့် ဦးမြင့်လွင်တို့ အလွန်နီးစပ်ခဲ့ကြသည်။ တရုတ်မှ လက်နက်ခဲယမ်း ဝယ်မူကိစ္စအရပ်ရပ်ကို ဦးမြင့်လွင်ကိုယ်တိုင် ကူညီဆောင်ရွတ်ပေးခဲ့သည်။ ဒါအပြင် ဦးမြင့်လွင်က စစ်ဗိုလ်ချုပ်များနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမူများ ပြုလုပ်ခဲ့ဖူးပါသည်။
“ဦးမြင့်လွင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရုတ်လူမျိုးတွေကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးဖို့ သူကိုယ်တိုင် တောင်းဆိုလေ့ရှိတယ်။ သူက အကြိမ်ကြိမ် အခါအခါ တောင်းဆိုခဲ့ပါတယ်”ဟု ဦးအိုက်မွန်းက ပြောသည်။
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံရေးအကြီးအကဲ၏ ညွှန်ကြားချက်ဖြင့် မုန်းဝန်း(ဗမာ) အဖြစ် စာရင်းသွင်းခဲ့ပြီး ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ပြန်လည်လဲလှယ်ပေးသွားပါလိမ့်မည်။
လက်ရှိ ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲဒေသမှာ မတူကွဲပြားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချနေထိုင်သည့်ဒေသ ဖြစ်သည်။ ပလောင်၊ ကချင်၊ ကိုးကန့်တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် မြန်မာ့တပ်မတော် မကြာခဏ တိုက်ပွဲဖြစ်နေသည့် ဒေသဖြစ်သည်။
မုန်းဝန်းတရုတ်တို့သည် ပြည်သူ့စစ်အင်အား ခန့်မှန်ခြေ ၁၀၀ ကျော်ရှိပြီး မြန်မာ့တပ်မတော်က ဒေသ၏ လှုပ်ရှားမူအတွက် ပြည်သူ့စစ်များနှင့် ပူးပေါင်းကြောင်းသိရသည်။ ပြည်သူ့စစ်ကို မိုးညဲပြည်သူ့စစ်ဟု ခေါ်ဝေါ်ပြီး မုန်းဝန်းတရုတ်ခေါင်းဆောင် ဦးမြင့်လွင်က ဦးစီးသည်။ ၎င်းသည် ကွတ်ခိုင်မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွတ်တော် ရွေးကောက်ခံ လွှတ်တော်အမတ်တဦးအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဘက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးသည့်ကိစ္စသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် ထိုဒေသကို ထိန်းချုပ်နိုင်ရန် နောက်ကွယ်မှာ နိုင်ငံရေး ကစားကွက်များ ပါဝင်နိုင်ကြောင်း တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်ကပြောသည်။
“အဲဒီဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အများကြီး လှုပ်ရှားနေကြတယ်။ ကျနော်တို့ တအာင်းလွတ်မြောက်ရေးတပ်မတော်လည်း လှုပ်ရှားနေတယ်။ မြန်မာစစ်တပ်က ပြည်သူ့စစ်နဲ့ ပေါင်းပြီးမှ အဲဒီဒေသမှ ခြေကုတ်စခန်း တည်ဆောက်ရတယ်။ အခု သူတို့မှာ တပ်စခန်း ၂ ရှိတယ် ကွတ်ခိုင်နဲ့ တာမိုးညဲမှာ ရှိတယ်။ ဒီနိုင်ငံသားကတ် ထုတ်ပေးတာ နိုင်ငံရေးတော့ ရှိပါတယ်”ဟု မိုင်အိုက်ကျော်ကပြောသည်။
ဆန့်ကျင်ဘက် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များကို တိုက်ခိုက်ရန် မြန်မာ့တပ်မတော်အနေဖြင့် နယ်မြေခံ လူမျိုးစုများကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းပေးပြီး ကူညီခိုင်းလေ့ရှိသည်။ မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ရေးတွင် ပြည်သူ့စစ်များ ပါဝင်ပတ်သက်နေခြင်းကိုလည်း မြန်မာ့တပ်မတော်က မျက်စိမှိတ်ပြီး လျစ်လျူရှုနေကြသည်။