ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့များ၌ ကွန်ကရစ်လမ်းများ ခင်းရာတွင် တိုင်းဒေသကြီး စည်ပင်သာယာဌာနက သုံးစွဲခဲ့သည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်အား ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်နှင့် အဖွဲ့မှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့ရကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် လက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပုသိမ်မြို့ အပါအဝင် ခရိုင်အတွင်း မြို့များရှိ လမ်းများ ကွန်ကရစ်ခင်းရာ၌ စည်ပင်ဌာနအနေဖြင့် ကောက်ခံရရှိသည့် အခွန်အခ ဘတ်ဂျတ်များကို အသုံးပြုခဲ့သည့်အပြင် ဘတ်ဂျတ်ပြင်ပ ဘဏ္ဍာငွေဖြစ်သည့် ပုသိမ်မြို့ ကုန်စည်ဒိုင် ဈေးဆိုင်ခန်း ရောင်းချငွေ ကျပ် ၈၄၄၁ သိန်းကျော်ကို ယူငင်သုံးစွဲခဲ့သည့်အတွက် အဆိုပါငွေကြေးများကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းခဲ့ရခြင်း ဖြစ်သည်။
“ဘတ်ဂျတ်ပြင်ပ ဘဏ္ဍာငွေကို သုံးမယ်ဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမယ်ဆိုတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါကို သဘောမပေါက်တဲ့အခါမှာ စည်ပင်သာယာညွှန်မှူးရဲ့ ခွင့်ပြုချက်နဲ့ သုံးလိုက်တဲ့ အခါကျတော့ ဘဏ္ဍာရေးစည်းကမ်းနဲ့ မညီဘူး ဖြစ်သွားတယ်။ အဲဒီတော့ မြို့မိမြို့ဖတွေနဲ့ ညွှန်ကြားရေးမှူးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ပုဂ္ဂိုလ်တွေအားလုံး စုပြီးတော့ သိန်း ၈ ထောင်ကျော်ကို နိုင်ငံတော်ကို ပြန်သွင်းထားပြီးပါပြီ” ဟု ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အုန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ငွေကျပ် သိန်း ၈ ထောင်ကျော် အသုံးပြုသည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းစည်ပင် ညွှန်မှူး ဦးအောင်မင်းနိုင် အပါအဝင် ပုသိမ်မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ စည်ပင်နှင့် ပူးပေါင်းလမ်းခင်းသည့် ဒေသခံများ၊ စာရင်းစစ်၊ အင်ဂျင်နီယာမှူးနှင့် စည်ပင်ဝန်ထမ်းများ အပါအဝင် လူ ၃၀ ခန့်ကို တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲမျာ းပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့်လဆန်းပိုင်းတွင် ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။
စစ်ဆေးပြီးနောက် ယင်းငွေကြေးများအား နိုင်ငံတော် ဘတ်ဂျက်သို့ ပြန်လည် ပေးသွင်းရန် ခုံရုံးအဖွဲ့က ဆုံးဖြတ်ခဲ့ရာ ဦးအောင်မင်းနိုင်နှင့် အဖွဲ့က ပြီးခဲ့သည့်လ နောက်ဆုံးပတ် အတွင်း၌ ငွေသိန်း ၈ ထောင်ကျော်ကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းခဲ့ကြောင်း သိရသည်။
မိမိအနေဖြင့် အများပြည်သူလမ်းခင်းရန် ငွေကြေးသုံးစွဲမှု မှန်သမျှကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး အစိုးရအဖွဲ့၏ ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်များ အရသာ ငွေကြေးများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ကုန်စည်ဒိုင်ဆိုင်ခန်းများ ရောင်းချငွေကျပ် သိန်း ၁ သောင်းကျော် ရရှိခဲ့ပြီး ယင်းငွေများထဲမှ သိန်း ၈ ထောင်ကျော်ကို လမ်းခင်းရာတွင် ထည့်ဝင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း စည်ပင်ဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပြောသည်။
“ကျနော်က အထက်က ခွင့်ပြုချက်ရလို့ ပြည်သူတွေလမ်းခင်းဖို့ငွေတွေကို ထုတ်ပေးလိုက်တာပါ။ သတင်းမပို့ မတင်ပြဘူး ဆိုတာ မဟုတ်ပါဘူး။ ကျနော့်မှာ စာရွက်စာတမ်း အထောက်အထားတွေ အကုန်ရှိပါတယ်။ ဒါပေမယ့် ကျနော်က ဝန်ထမ်းလေ။ အထက်က ဒီငွေတွေ ပြန်သွင်းပါဆိုပြီး တာဝန်ပေးတော့လည်း ကျနော်တို့ စိုက်သွင်းထားရတာပေါ့” ဟု သူကပြောသည်။
ပုသိမ်ခရိုင်အတွင်းရှိ မြို့များ၌ ကွန်ကရစ်လမ်းများ ခင်းရာတွင် ကုန်ကျစရိတ် အားလုံး၏ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စည်ပင်ဌာနက ထည့်ဝင်ပေးခဲ့ပြီး ကျန်ငွေကို ရပ်ကွက်နေ ပြည်သူများက နေအိမ်အလိုက် ငွေကြေးထည့်ဝင်၍ လမ်းခင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“တကယ်တမ်းက ကုန်စည်ဒိုင်ဆိုင်ခန်း ရောင်းရငွေတွေကို လမ်းခင်းတဲ့နေရာမှာ သုံးတဲ့ကိစ္စကို ဧရာဝတီတိုင်း အစိုးရက သိပြီးသား။ ဘဏ္ဍာနှစ်ကုန်ချိန်ကျတော့ ဆိုင်ခန်းရောင်းငွေတွေကို ပြည်ထောင်စု ဘတ်ဂျက်ဆီကို ပြန်သွင်းပါဆိုပြီး နေပြည်တော်က ညွှန်ကြားလိုက်ရော တိုင်းအစိုးရက ငွေသုံးတဲ့ကိစ္စ သူတို့မသိဘူးဆိုပြီး ခေါင်းမခံဘဲ စည်ပင်ဌာနကို လွှဲချလိုက်တာ” ဟု ဧရာဝတီတိုင်း စည်ပင်သာယာဌာနနှင့် နီးစပ်သူတဦးက ပြောသည်။
ပုသိမ်မြို့အပါအဝင် ခရိုင်အတွင်းရှိ မြို့များ၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကွန်ကရစ်လမ်းပေါင်း ၂၉၂ လမ်း ခင်းခဲ့ရာ ကျပ်သိန်းပေါင်း ၆ သောင်း ၃ ထောင်ကျော် ကုန်ကျခဲ့ပြီး စည်ပင်သာယာဌာနက ကျပ်သိန်း ၂ သောင်း ၂ ထောင်ကျော် ထည့်ဝင်ကာ ပြည်သူလူထုက ကျပ်သိန်း ၃ သောင်း ၇ ထောင်ကျော်နှင့် အလူရှင်များက ကျပ်သိန်း ၃၀၀၀ ကျော် ထည့်ဝင်ခဲ့ကြောင်း သိရသည်။