သတင်း

လမ်း၊ တံတား ၁၆၁ ဂိတ်တွင် အခွန်မကောက်တော့

This article has been converted from Zawgyi One to Unicode

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လေလံစနစ်ဖြင့် ကောက်ခံနေသော လမ်း၊ တံတားဂိတ် ပေါင်း ၃၀၁ ဂိတ် ရှိသည့်အနက်မှ ၁၆၁ ဂိတ်ကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ စတင်၍ ကောက်ခံခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၏ လုပ်ငန်းလမ်းညွှန် မှာကြားချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်၏ ပထမဆုံး ထိရောက်သည့် ဆောင်ရွက်ချက်တခု ဖြစ်ကြောင်း သိရသည်။

ဖြေလျှော့လိုက်သည့် ၁၆၁ ဂိတ်မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ဂိတ်၊ ရှမ်းပြည်နယ်တွင် ၂၅ ဂိတ်၊ မကွေးတိုင်းတွင် ၂၂ ဂိတ်၊ ဧရာဝတီတိုင်းတွင် ၂၂ ဂိတ်၊ ရခိုင်ပြည်နယ်တွင် ၁၈ ဂိတ်၊ ပဲခူးတိုင်းတွင် ၉ ဂိတ်၊ တနင်္သာရီတိုင်းတွင် ၉ ဂိတ်၊ မန္တလေးတိုင်းတွင် ၆ ဂိတ်၊ မွန်ပြည်နယ်တွင် ၄ ဂိတ်၊ ကယားပြည်နယ်တွင် ၄ ဂိတ်နှင့် ရန်ကုန်တိုင်းတွင် ၃ ဂိတ် တို့ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြည်သူကို အခြေပြု ဦးစားပေးရန်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရည်အသွေး ပြည့်မီပြီး နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် တတ်သိပညာရှင်များနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရသည်။

ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအထိ ဆောင်ရွက်ရန်နှင့် ပြည်သူများအတွက် အိမ်ယာ လိုအပ်ချက်များ ဖြည့်ဆည်းရန် စီမံကိန်းများ၊ ဂရန်ကိစ္စများကို မူဝါဒချမှတ်၍ ပွင့်လင်းမြင်သာမှုရှိစွာ ကြေညာဆောင်ရွက်ရန် ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

ယခင်အစိုးရ လက်ထက်တွင် လမ်း၊ တံတားများ ဆောက်ခဲ့သော်လည်း လမ်းတံတား၊ အရည်အသွေး ပြည့်မီမှု မရှိခြင်း၊ ငွေကြေးအလွဲသုံးစားခြင်းများ ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် ယခုလ ၇ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းအသီးသီး၌ တာဝန်ထမ်းဆောင်လျှက် ရှိသော အဆောက်အဦး၊ လမ်း၊ တံတားနှင့် မြို့ပြ အိမ်ယာ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများအား အစည်းအဝေးတရပ် ခေါ်ယူ၍ လိုအပ်ချက်များကို လမ်းညွှန်မှာကြားမည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်လာမည့် ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများသည် လက်ရှိ ဆောင်ရွက်ချက်များနှင့် ရှေ့ ၅ နှစ်တာ ကာလအတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြရမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သော ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Loading