သတင်း

အကျင့်ပျက်ခြစားမှုများကို အရေးယူသွားမည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ် ကတိပြု

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်သစ် ဖြစ်လာသည့် မန်းဂျော်နီက ဧရာဝတီတိုင်းအတွင်း တရားဥပဒေ စိုးမိုးရေးကို အဓိကဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အကျင့်ပျက် ခြစားမှုများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ယနေ့ ဧပြီ ၁ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် မန်းဂျော်နီက “ကျနော် တာဝန်ယူချိန်က စပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းညွှန်ချက်များနဲ့အညီ ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာ တရားဥပဒေ စိုးမိုးရေးကို အဓိက ဦးစားပေဆောင်ရွက်သွားပြီး အကျင့်ပျက်ခြစားမှုများကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု လွှတ်တော်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးများ ပြည်ပသို့ တင်ပို့နိုင်သည့်အထိ အရည်အသွေးကောင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ တိုးတက် ကောင်းမွန်ရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ကြိုးပမ်းသွားမည်ဟု အသက် ၇၄ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသား ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

“ပညာရေးကဏ္ဍမှာတော့ အရည်အတွက်ထက် အမှန်တကယ် အရည်အချင်းရှိတဲ့ နိုင်ငံသားကောင်းများ ပေါ်ထွန်းလာရေးအတွက် ပညာရေးဌာနမှ ဆရာ၊ ဆရာမများနဲ့အတူ အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နှစ်စဉ်ကြုံတွေ့နေရသည့် သဘာ၀ ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ် တားဆီးရေး၊ အချိန်မီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ကို စနစ်တကျ ပြင်ဆင်သွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဧရာဝတီတိုင်း အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် မန်းဂျော်နီက တိုက်တွန်းပြောဆိုခဲ့သည်။

တိုင်းဝန်ကြီးချုပ်သစ်၏ ကတိစကားဖြစ်သော အကျင့်ပျက်ခြစားမှုများအား အရေးယူမည် ဆိုသည့်အပေါ် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူများကွန်ရက် (HRAN) အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက “အကျင့်ပျက်ခြစားမှုတွေက ဧရာဝတီတိုင်းမှာ အရမ်းများတယ်။ အထူးသဖြင့် တရားရုံးတွေ၊ လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့တွေပေါ့။ အဲဒါတွေကြောင့် လယ်သမားတွေလည်း တော်တော် ဒုက္ခရောက် ခဲ့ရတယ်။ အစိုးရသစ်အနေနဲ့ အကျင့်ပျက် ခြစားတာတွေ အရေးယူမယ့်အပေါ် ကြိုဆိုပါတယ်။ ထိရောက်အောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် မန်းဂျော်နီ၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကျန်အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ခြင်း မရှိသေးကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading