သတင်း

ကရင်ဒေသခံများ ကန့်ကွက်၍ ဘိလပ်မြေစက်ရုံ စီမံကိန်း ဆိုင်းငံ့

This article has been converted from Zawgyi One to Unicode

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိကရင်ကျေးရွာ အနီးတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများ ကန့်ကွက်သဖြင့် ဆိုင်းငံ့ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တပ်မဟာ (၇) စီးပွားရေးတာဝန်ခံ စောမိုးစက်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ စက်ရုံကို ပယ်ဖျက်လိုက်တာ မဟုတ်ပါဘူး။ လောလောဆယ် ကျနော်တို့ ဆိုင်းငံ့ လုပ်လိုက်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်သူလူထု အားလုံးကို ဆွေးနွေးပြီး ပြန်လည် ဆက်လုပ်ဆောင်ပါမယ်” ဟု စောမိုးစက် က ဆိုသည်။

အဆိုပါ ဘိလပ်မြေစက်ရုံ တည်ဆေက်မှုသည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ပူးပေါင်း တည်ဆောက်မည့်  စက်ရုံဖြစ်ကြောင်း သိရသည်။

မိကရင်ကျေးရွာ အနီး စက်ရုံ တည်ထောင်ရခြင်းမှာ ကျေးရွာအနီးတွင် ကုန်ကြမ်းရရှိမည့် ထုံးကျောက်တောင် ရှိခြင်းကြောင့် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ ထို စက်ရုံကို တရုတ်ကုမ္ပဏီတခုက လာရောက် တည်ဆောက်မည် ဖြစ်ကြောင်း စောမိုးစက်က ပြောသည်။

စီမံကိန်း
ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ထားစဉ် (ဓာတ်ပုံ – Karen Environmental and Social Action Network-KESAN)

“စက်ရုံက တရုတ်ရဲ့ စက်ရုံ၊ ဒါပေမယ့် ဒီစက်ရုံကို သူတို့က လာပြီးလည်ပတ်မယ်။ ပြီးတော့ ကျနော်တို့ ကရင် လက်နက်ကိုင် ၄ ဖွဲ့ နဲ့ အကျိုးတူ လုပ်မယ်။ သူတို့က အနှစ် ၃၀ လည်ပတ်မယ်၊ နောက်ပိုင်း ကျနော်တို့ ကရင်အမျိုးသားပိုင် စက်ရုံဖြစ်သွားမယ်” ဟုလည်း စောမိုးစက်က ဆိုသည်။

ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ဘေးအန္တရာယ် ခြိမ်းခြောက်မှု ဖြစ်သည့် မြေယာနှင့် သဘာဝရင်းမြစ် ကာကွယ်ပေးရေးကို ရည်စူးပြီး မိကရင်ဒေသခံ ၁ထောင်ကျော်တို့သည် မတ်လ ၂၉ ရက်နေ့တွင် မိကရင်တောင်ခြေ၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ကရင်လက်နက်ကိုင် ၄ ဖွဲ့၏ စီမံကိန်း ဆိုင်းငံ့မှုနှင့် ပတ်သက်ပြီး မိကရင်ကျေးရွာ ဒေသခံ စောလှကျော်က “ကျနော်တို့ ဒေသခံတွေ စီမံကိန်းဆိုင်းငံ့ တာတွေ မသိရသေးဘူး။ သူတို့ တရားဝင် လာပြောတာတွေ မရှိဘူး။ ကျနော်တို့ စီမံကိန်း ကန့်ကွက်တယ် ဆိုတာလည်း ရွာနဲ့ အရမ်းနီးလို့၊ ရွာသားတွေ မကြိုက်လို့ ကန့်ကွက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုစီမံကိန်းသည် မိကရင်ကျေးရွာ ဒေသခံများအတွက် သဘာဝ ပတ်ဝန်းကျင်၊ လူထုကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း တည်တံ့ရေး နှင့် ရိုးရာဓလေ့ ရှင်သန်မှုကို ဖျက်ဆီးသွားမည်ကို အလွန် စိုးရိမ် ကြောင်းကိုလည်း စောလှကျော်က ထပ်မံ ပြောဆိုသည်။

Loading