သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် အမျိုးသားလွှတ်တော်တွင် အတည်ပြု

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့သော်လည်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော် ကိုယ်စားလှယ်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွှတ်ဟုဆိုကာ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကမူ တိုင်းပြည်တွင် ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ခိုင်မာစွာ တည်ဆောက်နိုင်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက “ကျနော်တို့ ဥပဒေကြမ်း ကော်မတီမှာ ပါတီစုံက ကိုယ်စားလှယ် ၁၅ ဦးရှိတဲ့အထဲမှာ ၁၃ ဦးက ဒီဥပဒေကြမ်းဟာ ပြည်သူတွေရဲ့ လိုလားချက်နဲ့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ လွှတ်တော်သို့ ရေးဆွဲ တင်သွင်းခဲ့တာ ဖြစ်ပါတယ်လို့ တညီတညွှတ်တည်း သဘောတူပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

သို့သော် ဥပဒေကြမ်း ကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေးကမူ ယခု ဥပဒေကြမ်းကို ပြဌာန်းရန် မသင့်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။

ဗိုလ်မှူးချုပ် ခင်မောင်အေးက “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟုဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပြုမှု အာဏာနှင့် အုပ်ချုပ်မှု အခွင့်အာဏာကို တဦးတည်းမှ အတိုင်ပင်ခံ ကျင့်သုံးဆောင်ရွက်မည့်သဘော သက်ရောက်လျက် ရှိပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးနိုင်သည့်အပြင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသဖြင့် နိုင်ငံတော် လုံခြုံရေးအတွက် ထိခိုက်နိုင်သော အသင်းအဖွဲ့များနှှင့် ဆက်သွယ်မည်ကို စိုးရိမ်မိကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်ကလည်း ဆွေးနွေးခဲ့သည်။

ဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ထည့်သွင်းဖော်ပြခြင်း၊ ဥပဒေကြမ်းကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဧပြီလ ၃၁ ရက်နေ့တွင် အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေခြင်း၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံခိုင်းခြင်းနှင့် ဥပဒေကြမ်းတွင် ဖက်ဒရယ် အမည်သုံးစွဲခြင်းနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမည် အသုံးပြုမှုတွင် နိုင်ငံတော်အမည် သုံးစွဲမှုကို ကန့်ကွက်ကြပြီး သမ္မတ အကြံပေး သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ အကြံပေး အဖြစ်သာ လုပ်ဆောင်သင့်သည်ဟုဆိုသည့် သဘောထားအမြင်များလည်း ရှိကြကြောင်း သိရသည်။

နောက်ဆုံးတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းကို စက်ခလုတ်နှိပ်၍ လျှို့ဝှက် မဲပေးရန် ဆုံးဖြတ် လိုက်ပြီးနောက် ဥပဒေတပိုဒ်ချင်းစီ အလိုက် မဲခွဲခြင်း၊ ဥပဒေကြမ်း တခုလုံးအလိုက် မဲခွဲခြင်းများ ပြုလုပ်ခဲ့ရာ တပ်မတော်က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံဆန္ဒမဲ များသဖြင့် နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading