မန္တလေးမြို့တွင် စွန့်ပစ်အမှိုက် ထွက်ရှိနှုန်း မြင့်တက်လာသဖြင့် အမှိုက်ပြဿနာ ဖြေရှင်းရန် အခက်အခဲများ ဖြစ်ပေါ်လာသလို စိန်ခေါ်မှုများ ရှိနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
“မြို့ပြ တော်တော်များများမှာ အမှိုက် ပြဿနာကို ဖြေရှင်းဖို့အတွက် အခက်အခဲတွေ ဖြစ်ပေါ်လာသလို အနာဂတ် ကာလမှာ ဆိုရင် အမှိုက် ပြဿနာက မြို့ပြဖွံ့ဖြိုး တိုးတက်မှု ကဏ္ဍ အတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ စွန့်ပစ်နေတဲ့ အမှိုက်ကျင်းတွေက အသုံးပြုလာခဲ့တဲ့ နှစ်ကာလက ကြာနေပြီဆိုတော့ ထပ်မံ အသုံးပြုနိုင်မယ့် အနေ အထားက နောက်ထပ် ၂ နှစ်လောက်ပဲ အသုံးပြုနိုင်တော့မယ်။ ဒါကြောင့် လက်ရှိ အမှိုက်စွန့်ပစ်နေတဲ့ နေရာထက် ပိုဝေး တဲ့ နေရာကို ရွှေ့ပြောင်း စွန့်ပစ်ဖို့ လိုအပ်လာတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာ သွင်ကျော်ကျော် က ရှင်းပြသည်။
မန္တလေးမြို့၏ အမှိုက်ထွက်ရှိမှုသည် ၂၀၀၅- ၂၀၀၆ ခုနှစ်က တရက်လျှင် တန်ချိန် ၂၉၅ ဒသမ ၉၃ တန် သာရှိခဲ့သော်လည်း မြို့ ဧရိယာ ကျယ်ဝန်းလာမှု၊ လူဦးရေ တိုးပွားလာမှုတို့ကြောင့် အမှိုက် ထွက်ရှိမှုမှာ နှစ်စဉ် များပြားလာကြောင်း၊ လက်ရှိနှစ်တွင် အမှိုက်ထွက်ရှိနှုန်းမှာ တစ်ရက်လျှင် တန်ချိန် ၈၅၀ အထိ ထွက်လာသဖြင့် ၁၀ နှှစ်တာ ကာလအတွင်း တရက်တာ အမှိုက် ထွက်ရှိမှုနှုန်းမှာ ၅၅၄ ဒဿမ ၀၇ တန်ချိန် အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါက်တာ သွင်ကျော်ကျော် က “လက်ရှိအချိန်မှာ မြို့ပြဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ အမှိုက်ထွက်ရှိမှုနှုန်း ကလည်း မြင့်တက်လာတယ်။ ဒါကြောင့် အမှိုက်စွန့် ပစ်မှုအတွက် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းစနစ်၊ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်မှု၊ ပြန်လည် အသုံးချနိုင်တာတွေကို အသုံးချ လာအောင် မြို့တော်တွင်းနေ ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ဖို့က အလွန်အရေးကြီးပါတယ်” သုံးသပ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြည်သူလူထု ၏ အမှိုက်စွန့်ပစ်မှု အခက်အခဲကို ဖြေရှင်းနိုင်ရန် အမှိုက်စွန့်ပစ်ခြင်း စီမံခန့်ခွဲမှု အဖြစ် အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း၊ စွန့်ပစ်မှုနှုန်းကို လျှော့ချခြင်း၊ စွန့်ပစ် အမှိုက်တချို့ကို အခြား ကုန်ပစ္စည်း ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် ပြန်လည် အသုံးပြုခြင်း စသည့် လုပ်ငန်းများ ကို ပြောင်းလဲ လုပ်ဆောင်နေကြောင်း သိရသည်။
“ကျမတို့ဘက်ကို အမှိုက်ကား မလာတာ တော်တော်ကြာနေပါပြီ။ အမှိုက်က နေ့စဉ် ထွက်နေတော့ အမှိုက် ပစ်စရာ နေရာ မရှိဘူး ဖြစ်နေရပါတယ်။ အမှိုက်တွေ အိမ်မှာ များလာတော့ တွေ့တဲ့နေရာမှာဘဲ ပစ်နေကြရသလို တချို့က နီးစပ်ရာ ချောင်းထဲကို သွားပစ်နေကြရတယ်၊ နေ့စဉ် မဟုတ်တောင် တပတ်မှာ တရက်ဖြစ်ဖြစ် အမှိုက်သိမ်းကားသာ လာနေမယ်ဆိုရင် ဘယ်သူမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာမျိုးတွေ လုပ်မှာ မဟုတ်ကြပါဘူး”ဟု အောင်ပင်လယ် ရပ်ကွက်မှ အိမ်ရှင်မတစ်ဦး က ပြောသည်။
ထို့ကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မရှိစေရန်အတွက် အမှိုက်ပုံးများ ချထားပေးရန်နှင့် အမှိုက် စွန့်ပစ်နိုင်ရန် အတွက် သက်ဆိုင်ရာ ရပ်ကွက်အလိုက် နေရာများ သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ အမှိုက်သိမ်းယာဉ်များအား ရပ်ကွက်များ အတွင်းအထိ သွားရောက်၍ သိမ်းဆည်းနိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
မန္တလေးမြို့ရှိ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ကျောင်းများ၊ စက်ရုံ နှင့် အလုပ်ရုံများမှ စွန့်ပစ်အမှိုက်မှာ နေ့စဉ် အများ အပြားထွက်ရှိနေပြီး တစ်ရက်လျှင် အမှိုက်တန်ချိန် ၈၅၀ ကို သိမ်းဆည်းပေး နေသော်လည်း စုစုပေါင်း အမှိုက် ထွက်ရှိမှု၏ ၇၄ ရာခိုင်နှုန်းကိုသာ သိမ်းဆည်း ပေးနိုင်သည်ဟု မန္တလေးမြို့ ဖွံ့ဖြိုးရေး နှစ် ၃၀ စီမံကိန်း တွင် ပါဝင်ကူညီနေသည့် Asian Development Bank ၏ ခန့်မှန်း တွက်ချက်မှုအရ သိရ သည်။
“လက်ရှိ အချိန်မှာ မြို့နေလူဦးရေ ထူထပ်လာသလို အမှိုက်ထွက်ရှိမှု တန်ချိန် တိုးမြင့်လာပါတယ်၊ ဒါပေမယ့် မြို့နေလူထုက အမှိုက်ကို စွန့်ပစ်ရာမှာ စနစ်တကျ စွန့်ပစ်မှုက ၆၀ရာခိုင်နှုန်းခန့်သာရှိပြီး အချို့က ရေမြောင်း၊ ချောင်း စတာတွေထဲကို စည်းကမ်းမဲ့စွန့်ပစ်နေတာတွေကို တွေ့ရှိနေရတယ်။ အဲဒီလိုမျိုး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် သဘာဝပတ်ဝန်း ကျင် စိမ်းလန်းရေးနဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်မှု အတွက်လည်း စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာပါတယ်”ဟု ဒေါက်တာသွင်ကျော်ကျော် က ပြောသည်။
မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ ဧရိယာ အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ထွက်ရှိသည့် အမှိုက်များကို သိမ်းဆည်းနိုင်ရန် အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် သန့်ရှင်းရေးလုပ်သား ၉၁၁ ဦးနှင့် အမှိုက်သိမ်းယာဉ် ၇၁ စီး အသုံးပြုခဲ့သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သန့်ရှင်းရေး လုပ်သား၂၁၃၉ ဦးနှင့် အမှိုက်သိမ်းယာဉ် ၁၈၃ စီး၊ အမှိုက်သိမ်း သုံးဘီး ဆိုင်ကယ် ၁၅၃ စီး အထိ လုပ်သား အင်အား တိုးမြှင့်ကာ မြို့တွင်း ကထွက်ရှိသည့် စွန့်ပစ် အမှိုက်များကို လိုက်လံသိမ်းဆည်း ကြောင်း သိရသည်။
စည်ပင်သာယာ ကော်မတီ မှ သိမ်းဆည်းခဲ့သည့် အမှိုက်များ ကို မန္တလေးမြို့ နှင့် မိုင်၂၀ ကျော် ကွာဝေးသော မြို့ မြောက်ဘက်ခြမ်းရှိ ဧရိယာ၁၂ ဒသမ ၅ ဧက ကျယ်ဝန်းသည့် ကျောက်ကြမ်းတောင် (ကြာနီကန်) အမှိုက်ကျင်း၊ မြို့ တောင်ဘက်ခြမ်းရှိ ဧရိယာ၂၉ ဒသမ ၃၂ ဧက ကျယ်ဝန်းသည့် တောင်အင်းနှင့် မြောက်အင်း အမှိုက်ကျင်းများသို့ သွားရောက် စွန့်ပစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေး ဌာနမှ သိရသည်။