မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းရန် ယနေ့ ကျင်းပသော တိုင်းလွှတ်တော်တွင် အတည်ပြုချက် ရ ယူပြီး ပြင်ပမှ ပညာရှင် ၂ ဦး ပါဝင်သည့် ဝန်ကြီး ၇ ဦး ခန့်အပ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။
တိုင်းလွှတ်တော်၌ အစိုးရအဖွဲ့တွင် ခန့်အပ်မည့် ဝန်ကြီး ၅ ဦးကို မန္တလေးတိုင်း ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းရာ ကန့်ကွက်သူ မရှိလွှတ်တော်၏ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်က တင်သွင်းသည့် ဝန်ကြီး ၅ ဦးတွင် ပြင်ပမှရွေးချယ်ခဲ့သော ဝန်ကြီး ၂ ဦးသည် ဦးမြတ်သူ (ညွှန်ကြား ရေးမှူး – ငြိမ်း) စီမံကိန်း၊ စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့သူ နှင့် ဒေါက်တာ ရဲလွင် မန္တလေး ဆေးတက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ကြောင်း ဝန်ကြီးများ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဝန်ကြီးချုပ် တင်သွင်းသော ဝန်ကြီး ၅ ဦး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ရွေးချယ်လိုက်သည့် ဝန်ကြီး ၃ ဦး သည် ချမ်းအေးသာစံ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးသန်း (ခ) ဦးကျော်စိုးသန်း၊ မဟာအောင်မြေ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်အောင်နှင့် မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသစ် တို့ ဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးစိုင်းကျော်ဇောကို ရွေးချယ်ခန့်အပ်ပြီးဖြစ်ပြီး တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က နယ်စပ်ရေးရာနှင့် လုံခြုံရေးရာ ဝန်ကြီး ရွေးချယ်ခန့်အပ်ရန် ဗိုလ်မှူးကြီး မျိုးမင်းအောင် (လက်ရှိ နယ်စပ်ရေးရာနှင့် လုံခြုံရေးရာ ဝန်ကြီး) ကို အမည်စာရင်း တင်သွင်းထားသည်။
ဝန်ကြီးအဖြစ် အဆိုပြု ခန့်အပ်ခြင်းခံရသည့် မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသစ်က“ အခု ထိ ဘယ်ဌာနမှာ တာဝန်ခန့်အပ်မလဲ ဆိုတာ မသိရသေးပါဘူး၊ အားသန်တာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ သယံ ဇာတ အပိုင်း တွေပါ။ ကိုယ်အားမသန်တဲ့ ကဏ္ဍမှာ တာဝန်ပေးလာရင်လည်း ပညာရှင်တွေနဲ့ ပူပေါင်းဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
ဧပြီ ၅ ရက်တွင် ကျင်းပမည့် မန္တတိုင်းလွှတ်တော်၌ အထက်ပါ အတည်ပြုထားသည့် ဝန်ကြီးများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများကိုလည်း ထုတ်ပြန်ပြောဆိုသွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ပြောဆိုထားသည်။