သတင်း

လမ်းတံတားကြေး လေလံ ဖျက်သိမ်း၍ စိတ်ဝင်စားကြေး ကျပ်သိန်း ၃၂၀၀ ကျော် ပြန်ထုတ်ပေးရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်း အတွင်းရှိ လမ်း၊ တံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း ၂၂ ဂိတ်ကို လုပ် ငန်း များ ဖျက်သိမ်းခဲ့သည့်အတွက် အဆိုပါဂိတ်များ လုပ်ကိုင်ခွင့်ရရှိရန် ပေးသွင်းခဲ့ရသည့် စိတ်ဝင်စားကြေး ကျပ်သိန်းပေါင်း ၃၂၀၀ ကျော်ကို ပြန်ထုတ်ပေးရန် လုပ်ငန်းရှင်များက ယနေ့ တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။

“လမ်း၊ တံတားအသုံးပြုခ မကောက်ခံတော့တာနဲ့ပတ်သက်လို့ အစိုးရသစ်အနေနဲ့ အများပြည်သူ အခွန်အခ သက်သာအောင် လုပ် ဆောင်တာဖြစ်လို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့အတွက် သုံးစွဲခဲ့ရတဲ့ စိတ်ဝင်စားကြေးတွေ ပြန် လိုချင်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အဲဒီငွေတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ယနေ့ ကျင်းပသော ရှင်းလင်းပွဲ၌ လပွတ္တာ တံတား အသုံးပြုခ ကောက်ခံရန် လေလံ အောင်ခဲ့သူ ဦးဝင်းလင်းထက် က ဧရာဝတီကို ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေး ဂိတ်များအား လေလံပစ်ရာတွင် ကြမ်းခင်းဈေးဖြင့်  လုပ်ငန်းရှင်များကို လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပြီး လုပ်ကိုင်လိုသူများပြားသည့်အတွက် မဲနှိုက်သည့်စနစ် ကျင့်သုံး၍ မဲပေါက်သူအား တနှစ် ကောက်ခံခွင့်ပြုသည့်စနစ် ကျင့်သုံးခဲ့ကြောင်း သိရသည်။

လုပ်ငန်းရှင်တဦးသည် လမ်း၊ တံတားတခုခုအား လုပ်ကိုင်ခွင့်ရရှိရန် (မဲနှိုက်ခွင့်ရရန်) အတွက် လမ်းတံတား ကြမ်းခင်းဈေး၏ ၁၀ ရာခိုင်နှုန်း နိုင်ငံတော်ကို စရန်ငွေ အဖြစ် ပေးသွင်းရပြီး ကြမ်းခင်းဈေး ကျပ်သိန်း ၃၀၀ အောက် တန်ဖိုးရှိ လမ်းတံတားများ အတွက် စိတ်ဝင်စားကြေး ၁ သိန်းကျပ်၊ ကျပ်သိန်း ၃၀၀ မှ ၆၀၀ ကြား တန်ဖိုးရှိ လမ်းတံတားအတွက် ၂ သိန်းကျပ်နှင့် ကျပ်သိန်း ၆၀၀ အထက် တန်ဖိုးရှိလုပ်ငန်းအတွက် ၃ သိန်းကျပ် ပေးသွင်းရသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း အတွင်း၌ ကြမ်းခင်းဈေး ကျပ်သိန်း ၃၀၀ အောက်တန်ဖိုးရှိ လမ်းတံတားဂိတ် ၂၂ ခု၊ ကျပ်သိန်း ၃၀၀ အထက်ဂိတ် ၅ ခု ရှိပြီး လုပ်ငန်းရှင်များသည် အဆိုပါဂိတ်များလုပ်ကိုင်ခွင့် ရရန်အတွက် လူ ၃၀၊ ၄၀ ခန့်ကို ငွေထုတ်ပေး၍ မဲနှိုက်စေမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထို့ကြောင့် လမ်းတံတားတခု လေလံပစ်ရာ၌ လုပ်ကိုင်လိုသူပေါင်း ၁၅၀ မှ ၃၀၀ ကျော်အထိ ဝင်ရောက်မဲနှိုက်မှုများ ရှိခဲ့ကြောင်း သိရ သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်း အတွင်းရှိ ကျပ်သိန်း ၃၀၀ အောက် လမ်းတံတားဂိတ် ၂၂ ခု၏ လေလံများကို ဖျက် သိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါလေလံပွဲများတွင် ဝင်ရောက်မဲနှိုက်ခဲ့သူ ၂၉၈၆ ဦးရှိကာ စိတ်ဝင်စားကြေး ကျပ် ၃၂၇၇ သိန်းကျော်ကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတဆင့် နိုင်ငံတော်သို့ ပေးသွင်းထားကြောင်း လမ်းတံတားကြေး ကောက်ခံသူ လုပ်ငန်းရှင်များက ပြော သည်။

“ကျနော်တို့ အစုအဖွဲ့ဆိုရင် လပွတ္တာ တံတား၊ မြင်းကဆိပ် တံတားနဲ့ သလပ်ခွာ တံတား လေလံမဲပေါက်ဖို့ကို စိတ်ဝင်စားကြေး ကျပ် သိန်း ၃၅၆ သိန်းကျော် အကုန်ခံပြီး လူပေါင်းများစွာအသုံးပြုပြီး မဲပေါက်အောင် ကြိုးစားခဲ့ကြတာပါ။ အခု လေလံတွေကို ဖျက်သိမ်း ခဲ့ပြီဖြစ်လို့ ကျနော်တို့ နိုင်ငံတော်ကို ပေးသွင်းခဲ့တဲ့ စိတ်ဝင်စားကြေးတွေ ပြန်လိုချင်ပါတယ်”ဟု မြောင်းမြမြို့မှ လုပ်ငန်းရှင် ဦးစိုးစိုး က ပြောဆိုသည်။

အဆိုပါ စိတ်ဝင်စားကြေးများ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ဘဏ်စာရင်းထဲသို့ ပေးသွင်းထားပြီး ကျန် ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စု ဘတ်ဂျက်အတွင်း ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း ဆောက်လုပ်ရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွဋ်က ပြောသည်။

“ဒီငွေတွေရဲ့ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေထဲကို ထည့်သွင်းရပါတယ်။ ၂၅ ရာခိုင်နှုန်း ကတော့ ပြည်ထောင်စု အဆင့်ကို ပေးသွင်းရပါတယ်။ ဒီငွေတွေ ပြန်ပေးဖို့ မပေးဖို့ကတော့ ပြည်ထောင်စုဝန်ကြီး အဆင့်ကပဲ ဆုံးဖြတ်ရမှာပါ”ဟုလည်း ၎င်းက ပြောပြသည်။

အဆိုပါ လမ်း၊ တံတားကြေးကိစ္စများအား ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ဆောက် လုပ်ရေး ဌာန ညွန်ကြားရေးမှူးများကို နေပြည်တော်သို့ ဖိတ်ခေါ်ထားပြီး ဧပြီလ ၅ ရက်နေ့တွင် ဆွေးနွေးညှိုနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အနေဖြင့် နိုင်ငံတဝန်း၌ လေလံစနစ်ဖြင့် လမ်း၊ တံတားအသုံးပြုခ ကောက်ခံ နေသည့် ဂိတ်ပေါင်း ၃၀၁ ဂိတ် ရှိသည့်အနက် ၁၆၁ ဂိတ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ဂိတ်ကြေး မကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဖြေလျှော့လိုက်သည့် ၁၆၁ ဂိတ်တွင် စစ်ကိုင်းတိုင်းမှ ၃၉ ဂိတ်၊ ရှမ်းပြည်နယ်မှ ၂၅ ဂိတ်၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ၂၂ ဂိတ်စီ၊ ရခိုင်ပြည်နယ်တွင် ၁၈ ဂိတ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် ၉ ဂိတ်စီ၊ မန္တလေးတိုင်းတွင် ၆ ဂိတ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၄ ဂိတ်စီ၊ ရန်ကုန်တိုင်းတွင် ၃ ဂိတ်တို့ ပါဝင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading