သတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေ ဖွဲ့စည်းပုံနှင့်ညီရန် လိုဟုဆို

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီရန် လိုအပ်ကြောင်း တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက ပြောသည်။

ဗိုလ်ချုပ်တောက်ထွန်းက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တပ်မတော်က မကန့်ကွက်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဒီဥပဒေကို ပြဌာန်းဖို့ လိုတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီဆိုရင် ကျနော်တို့က ထောက်ခံမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ညီဖို့ ဆိုရင်လည်း ဒါလေးကို အချိန်ယူပြီးတော့ ဆွေးနွေးရမယ်။ ဒါကြောင့် အချိန် လုံလုံလောက်လောက် ရရှိဖို့ လိုတယ်”ဟု ဗိုလ်ချုပ်တောက်ထွန်းက ပြောသည်။

ယင်း ဥပဒေကြမ်းကို ဧပြီလ ၁ ရက်နေ့က အမျိုးသား လွှတ်တော်တွင် တပ်မတော်နှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ခဲ့သော်လည်း အတည်ပြု ပြဌာန်းခဲ့သည်။

အဆိုပါဥပဒေကြမ်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဥပဒေကြမ်းတခု ဖြစ်သောကြောင့် အချိန်လုံလောက်စွာ ရရှိရန်နှင့် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး စစချင်း ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်များသို့ ဝေလိုက်ပြီးနောက် လွှတ် တော် ခေတ္တရပ်နားကာ ဥပဒေကြမ်းကော်မတီ အစည်းအဝေး ကျင်းပ၍ လွှတ်တော်သို့ အစီရင်ခံစာ ချက်ချင်းတင်ပြသည့် အပေါ်တွင် လည်း ဗိုလ်ချုပ်တောက်ထွန်းက ထောက်ပြခဲ့သည်။

ဗိုလ်ချုပ်တောက်ထွန်းက“နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ဥပဒေကြမ်းတခု ဖြစ်နေတဲ့အတွက် ဒီထက်ပိုပြီးတော့ အချိန်ပေးဖို့ လိုတယ်။ ကျနော်တို့က ဖွဲ့စည်းပုံနဲ့အညီ လိုအပ်တဲ့ စကားရပ်တွေကို ပြင်ဆင်မယ်”ဟု ပြောသည်။

ထို့ပြင် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဗိုလ်မှူးချုပ် မောင်မောင်ကလည်း ဥပဒေကြမ်းတွင် နိုင်ငံတော်၏ အတိုင်ပင် ခံဆိုသည့် စာသားအစား နိုင်ငံတော် သမ္မတ၏ အတိုင်ပင်ခံဟု ပြင်ဆင်သင့်ကြောင်း၊ ဥပဒေကြမ်းအတွက် အချိန်လုံလောက်စွာ မရ ရှိခြင်း၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် ၂ ခု ရောထွေးနိုင်ခြင်း၊ ဖက်ဒရယ် ဆိုသည့် စကားရပ်ကို ကန့်ကွက်ခြင်းများကို ယနေ့ ကျင်းပသည့် ဥပဒေကြမ်း ကော်မတီ အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်ဟု ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် တင်ပြခဲ့သည်။

တပ်မတော်က ယခု ဥပဒေကြမ်းကို အပြင်းအထန် ကန့်ကွက်လျက်ရှိသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက လွှမ်းမိုးထားသည့် လွှတ်တော်ကမူ သင်္ကြန်ကာလ ရုံးပိတ်ရက် မတိုင်မီ ယခု ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ကြိုးစားလျက် ရှိသည်။

Loading