ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးမှ ရက္ခိုင့်တပ်မတော်(AA) တပ်ဖွဲ့ဝင် ၆ ဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ဖြင့် ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ကျောက်တော်မြို့နယ် ရဲစခန်းမှူး ရဲမှူး ခင်မောင်က ဧရာဝတီသို့ ပြောသည်။
ကိုညီညီလှိုင်၊ ကိုမောင်ရွှေသီး၊ ကိုဇင်မျိုးအောင် တို့ ၃ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ နှင့် ကိုစံအေးမောင်၊ ကိုစံမောင် သာ၊ ကိုမောင်ရွှေလုံး တို့ကို ပုဒ်မ ၁၇(၁)၊ ၁၇(၂) ပုဒ်မ နှစ်ခုပေါင်းဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲမှူး ခင်မောင်က“ဒီနေ့ ၃ ယောက်ကို ၃ နှစ်ချတယ်၊ ကျန် ၃ယောက်ကိုက ပုဒ်မ နှစ်ခု တပေါင်းတည်းကျခံဖို့ အမိန့်ချတော့ ၅ နှစ်ဖြစ် သွားတယ်၊ လက်ရှိ ကျောက်တော်မှာ တရားရုံး အမိန့်ချဖို့ ၇ ယောက်ကျန်သေးတယ်”ဟု ပြောသည်။
ထောင်ဒဏ် ချမှတ်ခံရသူများသည် တရားရုံး စစ်ချက်များတွင် AA တပ်ဖွဲ့မှဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် သမ္မတသစ် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရန် မျှော်လင့်သည့် သဘောရှိကြောင်း ရှေ့နေဖြစ်သူ ကိုထွန်းလှက လည်း ဧရာဝတီသို့ ပြောသည်။
ရှေ့နေဦးထွန်းလှက “ဒီမှာထူးခြားတာက လွယ်လွယ်ပြောရင် ၁၇(၁)က တပ်သားအဆင့်ဆို ၁၇(၂)က အရာရှိအဆင့်ဆိုပြီး ခွဲထား တာ၊ အခု ၃ ယောက်ကို နှစ်ခုလုံးနဲ့ ပစ်ဒဏ်ချတယ်”ဟုလည်း ပြောသည်။
ယခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်သွယ်သူဟု ဆိုကာ ထောင်ဒဏ်ချမှတ်ခံရသူ ၁၃ ဦးခန့်ရှိပြီဖြစ်ပြီး ကျောက်တော်မြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်ဆဲ ၇ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။