ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ စီးနင်းအသုံးပြုမှု တိုးတက်နေသည့်အပြင် နယ်လိုင်စင် မော်တော်ယာဉ်များ အသုံးပြုမှု များပြားနေသောကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အမှတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။
ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းကြရာတွင် လိုင်စင်ရှိ မော်တော်ယာဉ်နှင့် ပုံစံ ဆင်တူကို ဝယ်ယူ စီးနင်းကြခြင်းများရှိသကဲ့သို့ လိုင်စင် အတုပြုလုပ် စီးနင်းမှုများလည်းရှိကြောင်း၊ လိုင်စင်မဲ့ ယာဉ် များ ဖမ်းဆီးအရေးယူသည့် စီမံချက် မရှိသော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်မဲ့ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ရန်ကုန်မြို့ရှိ ယာဉ်အားလုံး၏ ၃ ပုံ ၁ ပုံ ခန့်သည် လိုင်စင်မဲ့ ယာဉ်များဖြစ်နိုင်ကြောင်း ဒုတိယရဲမှူးကြီးအောင်ကိုဦးက ရှင်းပြသည်။
လိုင်စင်မဲ့မော်တော်ဉ်များသည် ရန်ကုန်တွင် အထူးသဖြင့် ဆင်ခြေဖုံးမြို့နယ်များတွင် စီးနင်းမှု အများအပြားရှိနေ ကြောင်း၊ ဈေးနှုန်းအားဖြင့်လည်း သက်သာသည့်အတွက် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ အသိမ်းခံရသည့်တိုင် ဆုံးရှုံးနစ်နာမှု နည်းပါးသဖြင့် လိုင်စင်မဲ့ယာဉ် စီးနင်းမှု များပြားခြင်းဖြစ်ကြောင်း သီရိမင်္ဂလာ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်ရေး အကျိုးဆောင် ဦးဝိုင်းမြင့်က ဆိုသည်။
ရန်ကုန်သို့ လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်ရာတွင် အဓိကအားဖြင့် ဝယ်ရောင်းအကျိုးဆောင်များမှတဆင့် ချိတ်ဆက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ကားပွဲစားတန်းများတွင် လိုင်စင်မဲ့ ယာဉ် ရောင်းဝယ်မှု မရှိသ လောက်နည်းပါးပြီး စီးနင်းသူများမှာ ချိတ်ဆက်ဝယ်ယူ၍ စီးနင်းကြခြင်းဖြစ်သည်ဟု သိရှိရသည်။
ရန်ကုန်တွင် လိုင်စင်မဲ့ယာဉ် စီးနင်းမှုများကို သီးသန့် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသော်လည်း ဖမ်းဆီးမှုများ လုပ်ဆောင်ရန် စီမံချက် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက် ကြောင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေး ကြန့်ကြာနေခြင်းဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။