အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ရာ ယင်းဥပဒေ မကြာမီ အသက်ဝင် လာတော့မည်ဖြစ်သည်။
အမျိုးသားလွှတ်တော်က အတည်ပြုထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ဧပြီလ ၅ ရက်နေ့ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးကြရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင် မောင်၊ ဗိုလ်မှူးကြီးအောင်သီဟနှင့် ဗိုလ်မှူးကြီးထွန်းမြတ်ရွှေတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်း အပေါ် မဲခွဲ ဆုံးဖြတ်ရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားများအားလုံးက မဲပေးခြင်းမပြုဘဲ ကန့်ကွက်ခဲ့ကြ ကြောင်း သိရှိရသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်အတိုင်ပင်ခံဆိုင်ရာ ပုဂ္ဂိုလ် သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အစား နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြောင်းလဲ ပြင်ဆင် ပြဋ္ဌာန်းရန် တင်ပြ ခဲ့ပြီး ဥပဒေကြမ်းကို ဆွေးနွေးရန် အချိန်လုံလောက်စွာ မရခဲ့ကြောင်း၊ အဆိုပါဥပဒေသည် တည်ဆဲ ဥပဒေများကို မထိမလေးစားရာရောက်ပြီး တည်ဆဲဥပဒေများကို ဆန့်ကျင်နေ၍ လွှတ်တော်၏ ဂုဏ်သိက္ခာ ကို ထိခိုက် စေမည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် မလိုလားအပ်သော ကိစ္စရပ်များကို ဖြစ်ပေါ်နိုင်စေမည်ဖြစ် ကြောင်း အပါအဝင် ကန့်ကွက်များစွာ လွှတ်တော်သို့ တင်ပြခဲ့ကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ တင်ပြချက်ကို မဲခွဲဆုံးဖြတ်မည်ဆိုပါက မဲမပေးဘဲ နေမည်ဟု ပြောဆိုခဲ့သည့်အပြင် နောက်ဆုံး ပြည်သူ့ လွှတ်တော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကို အတည်ပြုချိန်တွင် မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မဲခွဲဆုံးဖြတ်ပြီးပြီ ဖြစ်သောကြောင့် တပ်မတော်သားများ ပြန်လည်ထိုင်ကြရန် ညွှန်ကြားခဲ့ရသည်။
ပြည်ထောင်စုကြံ့ုခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီမှ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ပိုမိုကောင်းမွန်သော ဥပဒေဖြစ်စေရန် ဖြည့်စွက် ချက်များ တင်ပြခဲ့သော်လည်း လွှတ်တော်က မူလ အမျိုးသားလွှတ်တော်က ပြဋ္ဌာန်းချက်အတိုင်းသာ အတည်ပြု ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် လာမည်ဖြစ်ပြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ရိုက် ဆက် သွယ်နိုင်ခွင့်ရှိမည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ် လာရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးတို့မှာ ယင်းဥပဒေ၏ ရည်ရွယ်ချက်များဖြစ်ကြောင်း သိရှိရသည်။