တိုင်းဝန်ကြီးချုပ်သစ် မန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ၏ အမည် စာရင်းကို ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ရာ ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများထဲမှ ဌာန ၃ ခု လျှော့ချဖွဲ့စည်း ခဲ့သည်ကို တွေ့ရသည်။
ယခင် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် လက်ထက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၃ ခု ရှိခဲ့ပြီး ယခု အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၀ ခုဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက“ဝန်ကြီးဌာနတွေက လက်ဦးတုန်းက များတယ်။ အခုလို လျှော့ချလိုက်တော့ ငွေကြေးအရ အများကြီး သက်သာသွားတယ်။ ပြင်ပကပညာရှင်တွေကို ဝန်ကြီးခန့်တာက အသက်အရွယ်အရ၊ အလုပ်အကိုင်အရ ရင်ကျက်သူဖြစ် တဲ့အတွက်ကြောင့် နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် တကယ်ပဲ လုပ်မယ်ဆိုတာ သိတယ်။ သူတို့နဲ့လည်း သေချာဆွေးနွေးပြီး မှ ခန့်အပ်ခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်း၊ စည်ပင်ဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောနှင့် အတွင်းရေးမှူးအဖြစ် တိုင်းမင်းကြီး ဦးမောင်မောင်စန်းတို့ ဖြစ်ကြ သည်။
ယခုဖွဲ့စည်းလိုက်သည့် တိုင်းအစိုးရအဖွဲ့တွင် ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနအား သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန တို့ဖြင့် ပူးပေါင်းဖွဲ့စည်းလိုက်ပြီး စီမံကိန်းဌာနကို ဘဏ္ဍာရေးဌာနနှင့် ပူးပေါင်း၍လည်းကောင်း၊ လျှပ်စစ်နှင့် စက်မှုဌာနကို လမ်းပန်း ဆက်သွယ်ရေး ဌာနနှင့် ပူးပေါင်းဖွဲ့စည်းလိုက်သဖြင့် ယခင်တိုင်းအစိုးရ ဖွဲ့စည်းခဲ့သော ဝန်ကြီးဌာန ၃ ခု လျှော့ချ ဖွဲ့စည်းနိုင်သည်ကို တွေ့ရသည်။
တိုင်းအစိုးရအဖွဲ့တွင် ခန့်အပ်လိုက်သည့် စည်ပင်ဝန်ကြီး ဦးကျော်မြင့်သည့် လပွတ္တာမြို့နယ် တိုင်းဒေသကြီးအမှတ် (၁) ကိုယ်စားလှယ်ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးသည် ရေကြည်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၂ ) ကိုယ်စားလှယ် ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့သည် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်ဘဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ကြသည့် ပြင်ပ ပညာရှင်များကို တိုင်းအစိုးရအဖွဲ့တွင် ထည့်သွင်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် လွှတ်တော်၌ စည်ပင်ဝန်ကြီး ဦးကျော်မြင့် ၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့ကို ခန့်အပ်ခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် တိုင်းဝန်ကြီးချုပ်က တင်ပြလာသည့် ဧရာဝတီတိုင်း ဥပဒေချုပ်အဖြစ် ကယား ပြည်နယ်နှင့် မကွေးတိုင်း ဥပဒေအရာရှိဟောင်း ဦးသိန်းရွှေ၊ စာရင်းစစ်ချုပ်အဖြစ် မကွေးတိုင်း စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းခိုင် တို့ကိုလည်း ယနေ့ လွှတ်တော် တွင် အတည်ပြု ခန့်အပ်ခဲ့သည်။
ဝန်ကြီးဌာနများ လျှော့ချဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ လေ့လာသူအဖြစ် တက်ရောက်လာသည့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ် အဖွဲ့အစည်း (MATA) အဖွဲ့၏ ဧရာဝတီတိုင်း တာဝန်ခံဦးမြင့်ဌေးက “ဝန်ကြီးဌာနတွေ လျှော့ချတာက ကောင်းမွန်ပါတယ်။ မလိုအပ်ဘဲ တိုင်းပြည်ဘတ်ဂျက် မကုန်တော့ဘူး။ ဝန်ကြီးဌာနတွေ ဖောင်းပွတဲ့အတွက် ဆုံးဖြတ်ချက် ယူရတဲ့အခါ နှေးကွေးတာတွေ ရှိခဲ့တယ်ဆိုတော့ အခုလို ပေါင်းပစ်လိုက်တော့ ကောင်းမွန်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြောဆို သည်။