သတင်း

၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းမည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စာရင်း၌ ANP အမတ်တဦး ပါဝင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းရာတွင် ရခိုင် အမျိုးသားပါတီ (ANP) မှ ကိုယ်စားလှယ်တဦးအား စိုက်ပျိုးရေးမွေးမြူရေး ၊ သစ်တောနှင့် သတ္ထုတွင်း ဝန်ကြီးအဖြစ် အမည် စာရင်း တင်သွင်းလာသည်ကို တွေ့ရသည်။

ယနေ့ ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝန်ကြီးအမည်စာရင်း တင်သွင်းခံရသည့် ANP ကိုယ်စားလှယ်သည် ရမ်းဗြဲ မဲဆန္ဒနယ်မှ ပြည်နယ်အမတ် ဦးကျော်လွင်ဖြစ်ကြောင်း လွှတ်တော်သို့ တက်ရောက်လာကြသည့် ပြည်နယ်အမတ်များက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးမွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးအဖြစ် ANP ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်လွင်၊ ဘဏ္ဍာရေး/အခွန် ၊ စီးပွားရေး ဝန်ကြီးအဖြစ် ပြင်ပပညာရှင် ဦးကျော်အေးသိန်း ၊ လျှပ်စစ်/စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး အဖြစ် ပြင်ပပညာရှင် ဦးအောင်ကျော်ဇံ၊ လူမှုရေး ဝန်ကြီးအဖြစ် ဒေါက်တာ ချမ်းသာ တို့ကို အမည်စာရင်း တင်သွင်းထားသည် ဟု လည်း ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဥပဒေချုပ်အဖြစ် ဥပဒေပညာရှင် ဦးကျော်လှထွန်း၊ ပြည်နယ်စာရင်းစစ် အဖြစ် ဒေါ်ယဉ်ယဉ်လှ တို့ကို အဆိုပြု တင်သွင်းထားကြောင်း ၊ ၎င်းတို့နှစ်ဦး၏ ကိုယ်ရေးရာဇဝင်များနှင့် ပြင်ပမှ ခန့်အပ်မည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ကိုယ်ရေး ရာဇဝင် များအား ကန့်ကွက်ဆွေးနွေးနိုင်ရန် လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းခံထားကြောင်း သိရသည်။

ANP ပါတီ ကိုယ်စားလှယ်ကို ဝန်ကြီးအဖြစ် ခန့်အပ်တင်သွင်းမှုနှင့် ပတ်သက်ပြီး ANP ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ် အမတ် ဦးဖိုးစံက “ဒီနေ့လွှတ်တော်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေစာရင်းကို တင်သွင်းတယ်။ ကျနော်တို့ပါတီက ရမ်းဗြဲအမတ် ဦးကျော်လွင်ကို ဝန်ကြီးစာရင်း အဆိုတင်သွင်းခံရတဲ့အထဲမှာ ပါလာတယ်။ NLD ပါတီက ဦးမင်းအောင် ပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ် တွေ တော့ အပြင်က ပညာရှင်တွေလို့ သိရတယ်။ သူတို့ ကိုယ်ရေးရာဇဝင်တွေကို ချမပြတော့ မသိရဘူး။ အဲဒါနဲ့ ကျနော်တို့ တောင်း ထားတယ်။ သူတို့ ကိုယ်ရေးရာဇဝင်ကို ကြည့်ပြီးမှပဲ ကန့်ကွက်ရမလား။ ဘာလုပ်ရမလဲဆိုတာ ပြောနိုင်မယ်”ဟု ပြောသည်။

ယင်းသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ANP ပါတီမှ အမတ်တစ်ဦးကို ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရမှုနှင့် ပတ်သက်ပြီး ANP ပါတီမှ ပါတီခေါင်းဆောင်များအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပါတီမှထုတ်ပြန်ထားသည့် ကြေညာချက်ပါအတိုင်း လိုက်နာခြင်း မရှိပါက ပါတီစည်းမျဉ်း စည်းကမ်းအရ အရေးယူမည်ဟု အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ဦးထွန်းအောင်ကျော်က “ကျနော်တို့ပါတီက ထုတ်ပြန်ချက်တွေ ရှိပါရဲ့နဲ့ ဝန်ကြီးနေရာကို လက်ခံမယ်ဆိုရင် ကျနော်တို့ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းအရ အဆင့်ဆင့် အရေးယူမယ်။ အကယ်၍ ဝန်ကြီးနေရာကို လက်ခံမယ်ဆိုရင်တော့ ဒါဟာ ပါတီရဲ့ဂုဏ်သိက္ခာကို ကျင်ဆင်းစေတဲ့အတွက် ကျနော်တို့ပါတီက ချမှတ်ထားတဲ့ အတိုင်းပဲ အရေးယူပါမယ်”ဟုလည်း ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေးရာ ဝန်ကြီးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ထိန်လင်းနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် NLD ပါတီမှ ဦးပုန်ဘွေ တို့ကို ဧပြီလ ၄ ရက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြု ပေးလိုက်ပြီဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အမည်စာရင်း တင်သွင်းမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်ခြင်း၊ အတည်ပြုခြင်းများကို လာမည့် ဧပြီ ၇ ရက်တွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading