သတင်း

သာသနာရေးဝန်ကြီး သူရဦးအောင်ကို မဘသ ဆရာတော်ကြီးများနှင့် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) ဗဟို ရုံးတည်ရှိရာ အင်းစိန်ရွာမ စာသင်တိုက်သို့ ဧပြီ ၄ ရက်တွင် သွားရောက်၍ ဆရာတော်ကြီးများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက် တွေ့ဆုံဖူးမြော်ခဲ့ပြီးနောက် ဝန်ကြီးသူရဦးအောင်ကိုက တရားဥပဒေ ချိုးဖောက်သည့် သံဃာတော်များကို ဥပဒေ အရ အရေးယူပါက ဆရာတော်ကြီးများအနေဖြင့် ဝင်မတားရန် လျှောက်ထားခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာ ဘိဝံသက “အဲဒီလို မလျှောက်ပါဘူး။ အဲဒါတွေကို သူ့ဘာသာ သတင်းဌာနတွေမှာ တင်ထားတာတွေ့တာ။ အဲဒီလို မလျှောက်ပါဘူး။ တရားဥပဒေအရ အရေးယူတာတွေ ဆိုရင်လည်း ဆရာတော် တို့တွေက ဘာမှ ဝင်ရောက်စွက်ဖက်စရာ မရှိပါဘူး”ဟု ဧရာဝတီကို မိန့်ကြားသည်။

ဆရာတော်များနှင့် သူရဦးအောင်ကို တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် အရှင်ဉာနိန္ဒက သူရဦးအောင်ကိုသည် သာသနာရေး ဝန်ကြီး အသစ် ဖြစ်သည့်အတွက် လာလည်သည့် သဘောမျိုးဖြစ်ပြီး ထူးထူးခြားခြား လျှောက်ထားမှု မရှိကြောင်း၊ ဆရာတော်များကလည်း ၎င်းအား တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားညှာတာပြီး မည်သည့်အလုပ်ပဲ လုပ်လုပ် မှန်မှန်ကန်ကန်လုပ်ရန် သြဝါဒ ပေးကြောင်း ရှင်းပြသည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ထိုနေ့တွင် မဘသ ဆရာတော် ၈ ပါးနှင့် တွေ့ဆုံခဲ့ပြီး အင်းစိန်ရွာမ ကျောင်းတိုက်သို့ ရောက်ရှိနေသည့် မဘသ(ဗဟို) ဦးဆောင်ဆရာတော် အရှင်ဝီရသူ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

အင်းစိန်ရွာမ စာသင်တိုက်သို့ ဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က“အဲဒီလိုမျိုးရယ်တော့ တိတိကျကျ မပါပါဘူး။ ဝန်ကြီးအနေနဲ့ အသစ်ပြောင်းပြီး ရောက်လာတဲ့အခါကျတော့ ဆရာတော်တွေကို လိုက်ဖူးတဲ့သဘောပဲ ရှိပါတယ်။ တခြား မူဝါဒရေးရာ ဘာညာကိစ္စတွေတော့ လျှောက်ထားခြင်း မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။

သို့သော် ဝန်ကြီးအနေဖြင့် ဆရာတော်များနှင့် သွားရင်းလာရင်း စကားများပြောရင်းဖြင့် ထိုသို့ပြောဆိုမိခြင်း ရှိကောင်းရှိလိမ့်မည်ဖြစ် ကြောင်း၊ ဝန်ကြီးသွားရာနောက်သို့ အမြဲတမ်းလိုက်ပါ မသွားသည့်အတွက် မသိလိုက်ကြောင်းလည်း ဦးထွန်းညွန့်က ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအနေဖြင့် ထိုသို့ပြောဆိုခဲ့သည်ဆိုပါက လုပ်ရိုးလုပ်စဉ်တခုကို ပြောဆိုခြင်းသာဖြစ်ပြီး ယခင် ကတည်းက သံဃာ့စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ခဲ့ရာတွင် ဆရာတော်များအနေဖြင့် ဝင်ပါခြင်းမပြုခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း (ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး) ကလည်း ပြောသည်။

စည်းမျဉ်းစည်းကမ်းဖောက်သည့် သံဃာများကို သံဃာအဆင့်ဆင့်က ထိန်းသိမ်းသွားပြီး နောက် ဆုံးမ၍ မရသည်မှသာ ဥပဒေချိုးဖောက်သည့် သံဃာတော်များကို တရားဥပဒေအရ ပုဒ်မ ၂၉၅ (က)နှင့် အရေးယူခြင်း ဖြစ်သည်ဟုလည်း ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

ရာဇသတ်ကြီး အခန်း (၁၅) သာသနာရေးဆိုင်ရာ ပြစ်မှုများ ပုဒ်မ ၂၉၅(က) တွင် “ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင် မသမာသောအကြံဖြင့် မည်သူ့ကိုမဆို စကားဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ ထိုလူတစား ကိုးကွယ်သည့် ဘာသာသာသနာကို သော်လည်းကောင်း၊ ဘာသာသာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း စော်ကားလျှင်(သို့တည်းမဟုတ်) စော်ကားရန် အားထုတ်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်”ဟု ဖော်ပြပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading