ဧရာဝတီတိုင်းဒေသကြီးအစိုရသစ်သည် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ် ၉ ခု တည်ဆောက်ရမည်ဖြစ်သော်လည်း အသုံးစရိတ် လျှော့ချသည့်အနေဖြင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ် ၅ ခု သာ တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်လက်ထက် ၂၀၁၅ ခုနှစ်သင်္ကြန်ပွဲတော်တွင် ဌာနဆိုင်ရာ မဏ္ဍပ်ြ ကီး ၉ ခု တည်ဆောက် ခဲ့သော်လည်း ယခုနှစ် ပုသိမ်သင်္ကြန်တွင် သစ်တော၊ ကျန်းမာရေး၊ ပို့ဆောင်ရေးနှင့် ကုန်သွယ်မြှင့်တင်ဌာနတို့မှာ အသုံးစရိတ်လျှော့ချသည့်အနေဖြင့် မတည်ဆောက်တော့ဘဲ ဌာနဆိုင်ရာမဏ္ဍပ် ၅ ခုသာ ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
“ပုသိမ်မဟာသင်္ကြန်က ယခင်နှစ်ကလောက်တော့ မဏ္ဍပ်မရှိပါဘူး။ ဝန်ကြီးဌာနတွေ ပေါင်းစပ်တဲ့မဏ္ဍပ်က ၅ ခုနဲ့ ပုသိမ်မြို့ Royal Lake အပန်းဖြေဥယျာဉ်ထဲမှာ ၁ ခု စုစုပေါင်း ၆ ခုပဲ ရှိပါမယ်။ သစ်တော၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်မြှင့်တင်နဲ့ ဆန်စပါးအသင်းပေါင်းပြီးလုပ်တဲ့ မဏ္ဍပ်တွေကတော့ အသုံးစရိတ် အခက် အခဲ ကြောင့် မဆောက်နိုင်တော့ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ဧရာဝတီကိုပြောသည်။
ပုသိမ်မြို့တွင်း၌ ဆောက်လုပ်သွားမည့် မဏ္ဍပ် ၅ ခုမှာ စည်ပင်ဌာနမှတည်ဆောက်သည့် ဗဟိုမဏ္ဍပ်၊ ပညာရေးဌာန ဦးဆောင်သည့်မဏ္ဍပ်၊ တက္ကသိုလ်များမဏ္ဍပ်၊ ဆောက်လုပ်ရေးဌာနဦးဆောင်သည့် မဏ္ဍပ်၊ ပြည်ထဲရေးဌာနဦးဆောင်သည့် မဏ္ဍပ်တို့ဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်လည်း တပ်ရင်း၊ တပ်ဖွဲ့ မိသားစုအလိုက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ပုသိမ်သင်္ကြန်ပွဲကျင်းပနိုင်ရန် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဦးဆောင်သည့် ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဟောင်းက ငွေကျပ်သိန်း ၂၀၀ အသုံးစရိတ် ထုတ်ပေးထားကြောင်း၊ ဌာနဆိုင်ရာမဏ္ဍပ်များ လျော့ကျ ခဲ့သော်လည်း ပုသိမ်သင်္ကြန်အား အစည်ကားဆုံးဖြစ်အောင် ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး ယမန်နှစ် ကကဲ့သို့ပင် သံချပ်ပြိုင်ပွဲ၊ ယိမ်းပြိုင်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် ငါးလွှတ်ပွဲများ ကျင်းပသွားရန် စီစဉ်ထားကြောင်း တိုင်းစည်ပင်ညွန်မှူး ဦးအောင်မင်းနိုင်က ပြောသည်။
“မဏ္ဍပ်ဆောက်ဖို့လိုအပ်တဲ့ သစ်တွေ၊ အထပ်သားတွေကို ထုတ်ရောင်းပေးဖို့ တိုင်းအစိုးရအဖွဲ့ဟောင်းက စီစဉ် ပေးခဲ့တာ ရှိပါတယ်။ ပြီးတော့ သင်္ကြန်ပွဲကျင်းပရေးကော်မတီအသီးသီးအလိုက် ကုန်ကျစရိတ်များနဲ့ ပတ်သက်ြ ပီးတော့ အစိုးရအဖွဲ့ဟောင်းက ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။ ကျနော်တို့ကတော့ ပုသိမ်မြို့ မဟာ သင်္ကြန် ပွဲတော်စည်ကားရေးကို ယမန်နှစ်တွေအတိုင်း ကြိုးပမ်းသွားမှာပါ”ဟု သူက ပြောသည်။
၂၀၁၅ ခုနှစ် ပုသိမ်မြို့၊ မဟာသင်္ကြန် ပွဲတော်ကျင်းပခဲ့စဉ်က ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ၊
ကုမ္ပဏီမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာချုပ် လက်အောက်ခံ တပ်မိသားစု ရေကစားမဏ္ဍပ်များနှင့် ဒေသခံ ပြည်သူများတည်ဆောက် ဆော့ကစားသည့် ရေကစားမဏ္ဍပ် ၂၀ ကျော် ရှိခဲ့ပြီး ယိမ်းအဖွဲ့ ၃၀ ကျော်နှင့် သံချပ်အဖွဲ့ ၁၁ ဖွဲ့တို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
“သင်္ကြန်မဏ္ဍပ်တွေ လျော့သွားတယ်ဆိုတော့ မနှစ်ကလို မစည်မှာတော့ စိုးရိမ်တယ်။ ဒါပေမယ့် တချို့ ဌာန ဆိုင်ရာ မဏ္ဍပ်တွေက ရေမပက်ဘဲ တာဝန်အရမဏ္ဍပ်ပဲဆောက်ထားတာ ရှိတယ်လေ။ အဲတော့ လူမရှိဘဲ၊ ရေမပက်ဘဲ မဏ္ဍပ်ဆောက်ထားတာထက်စာရင် မဆောက်တာက ပိုကောင်းပါတယ်။ ငွေကုန် သက်သာ တာပေါ့”ဟု ပုသိမ်မြို့၊ ကုန်သည်လမ်းမှ ကိုဝေလင်းက ပြောသည်။