မန္တလေး သင်္ကြန် မဏ္ဍပ်များပေါ်တွင် အများအမြင် မသင့်လျော်သည့် သရုပ်ပျက် ဝတ်စားဆင်ယင်ကြောင်း တိုင်ကြားလာပါက မဏ္ဍပ် ပိတ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
“ဓာတ်ပုံရိုက်ပြီး တိုင်လာရင်၊ စစ်ဆေးလို့ အဲဒီမဏ္ဍပ်က မှန်ကန်တယ်ဆိုရင်၊ ဒီနေ့တိုင်၊ ဒီနေ့မဏ္ဍပ်ပိတ်မယ်”ဟု ၎င်းက ပြောဆို သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ အရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် အများအမြင် မသင့်လျော်သော စိတ်အာရုံကို နှိုးဆွ သည့် ဝတ်စားဆင်ယင်မှုနှင့် အပြုအမှုများကို ပြုလုပ်သူများအား အရေးယူနိုင်ပြီး ယင်းပုဒ်မအရ ထောင်ဒဏ် သုံးလနှင့် ငွေဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။
ဧပြီ ၅ ရက်က မန္တလေးမြို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှုအပါအဝင် လိုက်နာရမည့် လုံခြုံရေး စည်းကမ်းချက် ၁၄ ချက်ကိုလည်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
“တိုင်းရုံးမှာ စီလုံကော်မတီ (စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ) ဖွင့်ထားပြီး သင်္ကြန်တွင်း လာတိုင် လို့ ရပါတယ်၊ တိုင်ကြားသူကလည်း အမည်ဖော် တိုင်ရပါမယ်၊ မဟုတ်ရင် Inquiry အဖြစ် သတ်မှတ် စုံစမ်းရမှာပေါ့”ဟုလည်း ၎င်းက ပြောသည်။
ဧပြီ ၅ ရက်က အဆိုပါကော်မတီနှင့် သင်္ကြန်မဏ္ဍပ် တာဝန်ခံများ တွေ့ဆုံခဲ့ပြီး ဝတ်စားဆင်ယင်မှုပိုင်း ထိန်းသိမ်းရန်နှင့် လုံခြုံရေး အရ မိုင်းရှင်းလင်းရေး၊ CCTV တပ်ဆင်ရေး၊ မဏ္ဍပ် ကိုယ်ပိုင်လုံခြုံရေး ထားရှိရန်၊ မဏ္ဍပ်အတွင်း တံခါးပါသည့်အခန်းများ မထားရှိရန်နှင့် မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းချခြင်း မပြုလုပ်ရန် စသည်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် စည်းကမ်း ဖောက်ဖျက်မှုများ တိုင်ကြားလိုပါက ကျုံးပတ်လည်ရှိ တိုင်းရဲတပ်ဖွဲ၏ ကွပ်ကဲရေးရုံးများတွင် သွားရောက်တိုင်ကြားနိုင်ပြီး မြောက်ကျုံးတွင် သုဓမ္မာဇရပ် အနီး၊ အရှေ့ကျုံးတွင် အမျိုးသား ကဇာတ်ရုံ၊ တောင်ကျုံးတွင် စည်ပင်ရုံး၊ အနောက်ကျုံးတွင် ၂၄ လမ်းနှင့် လမ်း ၈၀ ထောင့်များတွင် ကွပ်ကဲရုံးများ ထားရှိမည်ဖြစ်သည်ဟု ဆိုသည်။
ကျုံးအရှေ့ဘက်ရှိ ဒိုမီနို မဏ္ဍပ်ပိုင်ရှင် ကိုခွန်မိုင်က“မဏ္ဍပ်ကို လာတဲ့အချိန်မှာ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့၊ အရမ်း တိုပြတ်ပြီး အဆင်မပြေနိုင်ဘူး ဆိုရင်တော့ အိမ်ပြန်လဲခိုင်းရမှာပါ၊ လုံခြုံရေးပိုင်းကတော့ ကျနော်တို့ သေချာပြင်ဆင်ပြီးပါပြီ၊ CCTV ၁၆ လုံး နဲ့ ကိုယ်ပိုင်လုံခြုံရေး အယောက် ၃၀ ထားပါမယ်”ဟု ပြောသည်။
၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန် လုံခြုံရေးအတွက် မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲအင်အား ၂၀၀၀ ခန့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး ဟန်ထွန်းက ပြောပြသည်။
အမည်မဖော်လိုသော မန္တလေး မြို့ခံတစ်ဦးကမူ“အရက်ဘီယာ မရောင်းနဲ့လို့ နှစ်တိုင်း စည်းကမ်းထုတ်တယ်၊ နှစ်တိုင်းလည်း
ရောင်း နေကြတာပါပဲ၊ တကယ် စည်းကမ်းဖောက်တဲ့သူကို နမူနာအဖြစ် တိတိကျကျ မျက်နှာမလိုက်ဘဲ အရေးယူဖို့လိုတယ်၊ အဲဒီလိုမှ မဟုတ်ရင် စာရွက်ပေါ်မှာပဲ စည်းကမ်းကရှိနေမယ်၊ အဲဒီလိုအချိန်တွေမှာ တာဝန်ရှိတဲ့ဌာနတွေက ရှောင်တခင် စစ်ဆေး သင့်ပါတယ်”ဟု ပြောဆိုသည်။
မန္တလေးသင်္ကြန်တွင် မဏ္ဍပ်ပေါင်း ၄၀ ကျော်ရှိရာ ကျုံးပတ်လည်တွင် ၃၃ ခု၊ ကန်တော်ကြီး ၁ ခုနှင့် မြို့တွင်း မဏ္ဍပ် ၉ ခုခန့်ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။