သတင်း

သင်္ကြန်တွင်း “ပိုမို ဘေးကင်းသော လမ်းမများဆီသို့” APB လှုံ့ဆော်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လမ်းမပေါ် မတော်တဆမှုများနှင့် သေဆုံးမှု အရေအတွက်လျော့ချရန် ရည်ရွယ်၍  “ပိုမို ဘေးကင်းသော လမ်းမများဆီသို့” တနိုင်ငံလုံးအတိုင်းအတာ စည်းရုံးလှုံဆော်မှုကို အရက်ဘီယာကုမ္ပဏီတခုက ဦးဆောင်ကာ ရန်ကုန်မြို့တွင် စတင်ခဲ့သည်။

သင်္ကြန်မတိုင်မီ တပတ်အလိုတွင် စတင်သည့် ထိုလှုပ်ရှားမှုကို ဟာနီကန်ဘီယာကုမ္ပဏီ၏ လက်ခွဲ APB ABC ကုမ္ပဏီနှင့် အစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန နှင့် အီတလီအခြေစိုက် နိုင်ငံတကာ အန်ဂျီအို CESVI က ပူးပေါင်းပါဝင်သည်။ သင်္ကြန်ပွဲတော်ကာလတွင် ဘီယာ၊ အရက် အလွန်အကျွံသုံးစွဲပြီးဖြစ်ပွားသော ယာဉ်မတော်တဆမှုများမှာ သာမန်အချိန်ထက် ပိုမို ဖြစ်ပွားလေ့ရှိသည်။

APB Alliance Brewery ကုမ္မဏီ  Corporate Relations ၏ ဒါရိုက်တာ၊ ကမ်ပိန်းစီစဉ်သူ Zita Schellekens က ၂၀၁၅ ခုနှစ်တွင် ယဉ်မတော်တဆမှုကြောင့် နိုင်ငံတလွှားတွင် တနေ့လျှင် လူ ၁၂ ဦး သေဆုံးနေရကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်ကို ကိုးကားပြောဆိုခဲ့သည်။

“အဲဒီလိုသေဆုံးမှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တခုက အရက်သေစာ သောက်စားပြီး ကားမောင်းတဲ့အတွက်ကြောင့်လည်းပါတယ်။ အဲဒီအတွက် ကျမတို့က တာဝန်ယူချင်တာပါ” ဟု Zita Schellekens က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကုန်းလမ်းသွားယာဉ်အရေအတွက်မှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၁၉၉၈၉၆၀ မှ ၄၄၀၇၇၄၁ အထိ ၂ ဆ တက်လာခဲ့သည့်သလို မြန်မာနိုင်ငံရှိ  လမ်းမများမှာ  အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။  ၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ယဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုနှုန်းမှာ လွန်ခဲ့သော ၁၀ နှစ်နီးပါးထက်စာလျှင် ၃ ဆကျော် မြင့်တက်လာကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏အဆိုအရ ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း ၁၅၆၇၆ မှုဖြစ်ပွားခဲ့ပြီး၊ လူဦးရေ  ၄၄၂၀ ဦး သေဆုံးပြီး ၂၅၉၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် ယဉ်မတော်တဆဖြစ်ပွားမှုအရေအတွက်မှာ အမြင့်ဆုံးဖြစ်သည်။

အချိန်တနှစ်ကြာပြုလုပ်မည့် လှုပ်ရှားမှုတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းခြင်းအတွက် လူတို့၏ အမူအကျင့်များကို ပြောင်းလဲရန် အလေးထား၍ မီဒီယာများမှတဆင့် လှုံဆော်သွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါလှုပ်ရှားမှုအစီအစဉ်တွင် လမ်းမများ ဘေးကင်းလုံခြုံမှုအတွက်ရည်ရွည့် ဂိမ်းအက်ပ်လီကေးရှင်းတစ်ခုကို မေလအစောပိုင်းတွင် ထုတ်နိုင်ရန်နှင့် လာမည့်ဇူလိုင်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းမများ ဘေးကင်းလုံခြုံရေးဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားသည်။

ယာဉ်မတော်တဆမှု အများစုက သတ်မှတ်ထားသော ယာဉ်စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ဖြစ်ပွားသည်ကိုတွေရကြောင်း၊ ဆိုင်ကယ်မောင်းလျှင် ဦးထုပ်မဆောင်းခြင်း၊ တက္ကဆီ သို့မဟုတ် ဘက်စ်ကားစီလျှင် ထိုင်ခုံခါးပတ်မပတ်ခြင်း၊ အများအားဖြင့် တက္ကစီများတွင် ခါးပတ်ပတ်ရန် အပေါက်ပင် ရှာမတွေ့ခြင်း၊ အရှိန်မြင့်မောင်းခြင်း၊  ကားမောင်းနေစဉ် မိုဘိုင်းဖုန်း အသုံးပြုခြင်းစသည့်တို့ တွေ့ရကြောင်း Zita Schellekrns က ပြောသည်။

ထို့ကြောင့် အမူအကျင့်များ ပြောင်းလဲရန်မှာ အခရာကျကြောင်း Zita Schellekrns က ပြောသည်။ အကောင်းဆုံး ဘေးကင်းလုံခြုံမှုအတွက်  သတိပြုရမည့် အဓိက အချက် ၇ ချက်ကို အဓိကထားရှင်းပြခဲ့ပြီး၊ ၎င်းတို့ ကမ်ပိန်းသည် ဂိမ်းများနှင့် လူမှုကွန်ယက်မီဒီယာမှတဆင့် ပြည်သူများ ၎င်းတို့ဘာသာ လေ့လာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ “ဒါက လွတ်လပ်ပေါ့ပါးစွာနဲ့ ဒီ ယာဉ်အန္တာရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမယ့် အမူအကျင့်တွေကို မှတ်မိစေတဲ့ နည်း ဖြစ်ပါတယ်။” ဟု သူမက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လက လမ်းမများဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် ကာတွန်းပြိုင်ပွဲကို ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း ကမ်ပိန်းတွင် ကာတွန်းဗီဒီယိုကို ဖန်တီး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“The Ambassador” အမည်ရှိသော အန်နီမေးရှင်း ကာတွန်းဇာတ်ကောင်ကို ဖန်တီးသူ ကာတွန်းဆရာ ဇေယျာထက်က “ကာတွန်းဗီဒီယိုက လမ်းမများ ဘေးကင်းလုံခြုံမှု အသိပညာပေးခြင်းအတွက် ပိုပြီး ထိရောက်ပါလိမ့်မယ်။ ဟုပြောသည်။

ဆိုင်းဘုတ်ကြော်ငြာစိုက်ထူခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုအစီအစဉ်နှင့် လူမှုလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထို လှုပ်ရှားမှုကို ရန်ကုန်မှစ၍ မတော်တဆမှု အဖြစ်များသော ဒေသတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Ms. Zita က ပြောသည်။

Loading