အင်ဒိုနီးရှားက တရားမဝင် ငါးခိုးဖမ်းတဲ့ သင်္ဘောတွေကို စောင့်ကြည့်ဖို့ နာတူနာကျွန်းမှာ အမေရိကန် လုပ် F – 16 တိုက်လေယာဉ် ၅စီး ချထားမယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bloomberg သတင်းမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ အတွင်းက နာတူနာကျွန်းအနီးရှိ အင်ဒိုနီးရှား အထူးစီးပွားရေးဇုန် အတွင်းဝင်ရောက် ငါးခိုးဖမ်းတဲ့ တရုတ်သင်္ဘောနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားရေတပ်သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောတို့ ထိပ်တိုက်တွေ့ပြီး နောက်မှာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးအဆိုအရ နာတူနာကျွန်းမှာ လေတပ်အထူးတပ်ဖွဲ့ အခြေစိုက်စခန်း အပြင် ဖရီဂိတ် စစ်သင်္ဘော ၃စီး ဆိုက်ကပ်ထားဖို့ ရေတပ်အခြေစိုက်စခန်းတခု၊ ခြေလျင်တပ်ရင်း တရင်းနဲ့ လေကြောင်းရန်ကာကွယ်ရေး စခန်းတခု တည်ဆောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါဟာတောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့် အရှေ့ တောင်အာရှ နိုင်ငံများအကြား တင်းမာမှုဖြစ်ပွားနေချိန်၊ အင်ဒိုနီးရှားနိုင်ငံဆီက ထွက်ပေါ်လာတဲ့ စိုးရိမ် ပူပန်မှုတခုဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ စာစောင်ရဲ့ အဆိုအရ လေကြောင်းရန် ကာကွယ်ရေး အတွက် ၃၅ မီလီမီတာ ဘက်စုံသုံး အော်လီကွန် စက်အမြောက်များ အပြင် လေယာဉ်ပစ်ဒုံးကျည်များ လည်း ချထားမယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ အပြီးတည်ဆောက်မယ့် စစ်ရေးပြင်ဆင်မှုအတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၉၁ သန်းအကုန်အကျခံမယ်လို့ သိရပါတယ်။
နာတူနာကျွန်းမှာ စစ်ရေးအခြေစိုက်စခန်းဖွင်လှစ်ပြီး တောင်တရုတ်ပင်လယ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အင်ဒိုနီးရှားရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့ သြဇာကိုတန်ပြန်တဲ့လှုပ်ရှားမှုတွေကနေ ထွက်ပေါ်လာတယ်လို့ ရုရှားသတင်းတွေက သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်၊ ဖိလစ်ပိုင်၊ သြစတြေးလျ ၃နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင်မှု ပြုလုပ်လျှက်ရှိပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက အင်ဒိုနီးရှားက သူပိုင်လို့ သတ်မှတ်ထားတဲ့ နာတူနာကျွန်းစုဝန်းကျင်က ပင်လယ်ရေမိုင် ၂၀၀ ကျော်ရှိတဲ့ အထူးစီးပွားရေးဇုန်အတွင်းမှာ ဝင်ရောက်ငါးဖမ်းတဲ့ တရုတ်ငါးဖမ်း သင်္ဘောတစီးကို အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးရာ တရုတ်ကမ်းခြေစောင့်သင်္ဘောက ဝင်ရောက်ဖိအားပေးပြီး ပြန်လွှတ်ပေးစေခဲ့သလို၊ နာတူနာကျွန်းပြဿနာကို နိုင်ငံတကာတရားရုံးမှာ တင်ပြီး ဖြေရှင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အင်ဒိုနီးရှားအနေနဲ့ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းစုများအရေးမှာ မပါဝင်ပေမယ့်၊ အခုပြဿနာ ကတော့ သမ္မတ ဂျိုကိုဝီ ဒိုဒိုအတွက် ရေပိုင်နက်နဲ့ နိုင်ငံအချုပ်အချာအတွက် ပထမဆုံး စမ်းသပ်မှုတခုလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါကြောင့်လည်း တောင်တရုတ်ပင်လယ်က ကျွန်းစုများ ပိုင်ဆိုင်မှု ပြဿနာမှာ အင်ဒိုနီးရှားအနေနဲ့ အဓိက နေရာက ပါဝင်ဖြေရှင်းဖို့ အဆင်သင့်ရှိနေပြီလားလို့ လေ့လာသူတွေက မေးခွန်းထုတ်နေပါ တယ်။