သတင်း

SSPP/SSA ဝမ်ဟိုင်းဌာနချုပ် ဘက်သို့ တပ်မတော် စစ်အင်အားများ တိုးချဲ့နေဟုဆို

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA) ၏ ဝမ်ဟိုင်း ဌာနချုပ်တည်ရှိရာဒေသသို့ တပ်မတော် စစ်ကြောင်းများ အင်အားတိုးချဲ့ပို့ဆောင်မှု ဆက်တိုက် ပြုလုပ်နေကြာင်း သတင်း ရရှိသည်။

ဝမ်ဟိုင်းဌာနချုပ် အနီးတွင်ရှိသော မိုင်းရှုးနှင့် မိုင်းနောင် ဒေသများသို့ ယခုလ ၅ ရက်နေ့ကစပြီး ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်နှင့် စစ်သည်အင်အား အပြည့် တင်ဆောင်လာသော စစ်ကား အစီး ၇၀ ကျော် ပို့ဆောင် နေကြောင်း SSPP/SSA ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ပိန်ဖ က ဧရာဝတီသို့ ပြောသည်။

“သူတို့ (တပ်မတော်) ဘက်ကပြောတာတော့ တပ်ချိန်းမယ်လို့ ပြောပေမယ့်။ အခုပုံစံက စစ်ဆင်ရေး လုပ်မယ့် ပုံစံဖြစ်နေတယ်”ဟု ဗိုလ်မှူးကြီး ပိန်ဖ က ပြောပြသည်။

စစ်သည်နှင့် လက်နက်ခဲယမ်း အပြည့်တင်ဆောင်လာသော စစ်ကားများသည် တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ ဖြစ်ပြီး ယခုလ ၅ ရက်နှင့် ၆ ရက်နေ့က မိုင်းနောင်မြို့နယ်သို့ ၃၁ စီး၊ ယနေ့တွင် မိုင်းရှုးမြို့နယ်ဘက်သို့ ၅၂ စီး ပို့ဆောင် နေသည်ကို မြေပြင် သတင်းပို့ချက်များအရ သိရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က အတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

သို့သော် မိုင်းရှုးနှင့် မိုင်းနောင်ဒေသခံများကတော့ စစ်ကားတန်းများ မြို့ပေါ်က ဖြတ်သွားသည်ကို တွေ့မြင်ရပြီး စစ်ပြန်ဖြစ်မည်ကို လည်း စိုးရိမ်နေကြသည်ဟု ဆိုကြသည်။

မိုင်းရှုးမြို့ခံ နန်းဆိုင်ဟန် က“မြို့ထဲကနေ စစ်ကားတွေ အစီး၂၀၊ ၃၀ ဖြတ်သွားနေတာတော့ တွေ့ရတယ်။ မနေ့ကလည်း တွေ့တယ်။ ဒီနေ့လည်း တွေ့တယ်။ ဘာအကြောင်းရှိလို့ရယ်တော့ ကျမတို့မသိပါဘူး။ အရင်တုန်းကတော့ တွေ့တော့တွေ့ဖူး တာပေါ့နော်။ မတွေ့တာကြာအပြီးမှာ ဒီလိုမျိုး အလုံးအရင်းနဲ့ ဝင်လာတာတွေ့တော့ ထူးခြားချက်တခုခု ရှိလိမ့်မယ် ဆိုတာမျိုးတော့ စဉ်းစားမိတယ်။ စစ်ပွဲတွေ ပြန်ဖြစ်မှာကိုလည်း စိုးရိမ်မိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

SSPP/SSA နှင့် တပ်မတော်တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်္ဘာလများထဲတွင် ဝမ်ဟိုင်းဌာနချုပ် အနီး တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး ဒေသခံများ အိုးအိမ်စွန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလံှူခဲ့ကြရပြီး တိုက်ပွဲနှင့် မြေမြှုပ်မိုင်းတွေကို ကြောက်ရွံ့ နေကြဆဲဖြစ်သည့် ဒုက္ခသည် ၁၀၀၀ ကျော်ကတော့ မိုင်းရှုးမြို့နယ်ထဲက ဟိုင်းပါ ဒုက္ခသည် စခန်းထဲတွင် ယခုအချိန်ထိ အိမ်မပြန်နိုင်ကြသေးကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသူများက ပြောသည်။

တပ်မတော်အနေဖြင့် ဝမ်ဟိုင်း ဌာနချုပ်သို့ စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေကြောင်း ယခင်တပတ်ကတည်းကပင် SSPP/SSA ဘက်က မြေပြင်သတင်းများ ရရှိထားကြောင်းလည်း ပြောဆိုသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး SSPP/SSA က ကြိုတင်ပြုဆင်မှုများ ရှိမရှိ ဆိုသည်ကို စစ်ရေး အခြေအနေအရ ပြောဆိုခွင့်မရှိကြောင်း ဗိုလ်မှူးကြီး ပိန်ဖ က ပြောသည်။

“တကယ်တော့ အစိုးရသစ်က ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးပြောနေတဲ့ အချိန်မှာ စစ်တပ်က သူတို့ (အစိုးရသစ်) နဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိလဲ။ အဲဒါကိုကျနော်တို့က ဆွေးနွေးပွဲကို မျှော်လင့်နေတယ်။ ဒါပေမယ့် ဒီပုံစံကြတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က သူပြောထားတာနဲ့ လုပ်နေတာနဲ့ တခြားစီဖြစ်နေတယ်”ဟုလည်း ဗိုလ်မှူးကြီး ပိန်ဖ က ပြောဆိုသည်။

တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်ကို မဟာဗျူဟာ အရ စစ်အုပ်ချုပ်ရေးသတ်မှတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု မြင်ကြောင်း၊ ယင်း အစီအစဉ်ကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုးပမ်းခဲ့ပြီး ဝမ်ဟိုင်းဌာနချုပ်အား အောက်တိုဘာ၊ နိုဝင်္ဘာလများထဲတွင် အပြင်း အထန် ထိုးစစ်ဆင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ပိန်ဖ က ဆက်၍ပြောသည်။

“ရှင်းရှင်းပြောရမယ် ဆိုလို့ရှိရင် သူတို့ (တပ်မတော်) က ရှမ်းပြည်ကို စစ်အုပ်ချုပ်ရေးဒေသ အဖြစ် သတ်မှတ်ချင်တယ်။ ဘာကြောင့် လဲဆိုတော့ မဟာဗျူဟာအရ ကချင်ပြည်တို့ ဝပြည်တို့ကို ထိုးစစ်ဆင်တဲ့ အချိန်မှာ ရှမ်းပြည်ကို အခြေခံအဖြစ် အသုံးပြုတယ်။ သူတို့ဖန်တီးနေတာကြာပြီ။ ရွေးကောက်ပွဲ မစခင် အောက်တိုဘာလကတည်းက သူတို့ စီစဉ်ထားတာ ရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA ) ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့တွင် UWSA ကဦးဆောင်ပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ မဟာမိတ် အစည်းအဝေး တရပ်ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအား မဟာမိတ်အဖွဲ့များက တားဆီးနေသည်ကို မရပ်ဘဲ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက မြောက်ပိုင်းမဟာမိတ် အဖွဲ့များက ပူးပေါင်းပြီး နိုင်ငံရေးအရ အရေးယူမှုများ ပြုလုပ်သွားရန် ပန်ဆန်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ်တပ်များ၏ ပန်ဆန်း အစည်းအဝေးပြုလုပ်ပြီး တပတ်အကြာတွင် တပ်မတော်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်း ယခုကဲ့သို့ စစ်အင်အား တိုးချလာသဖြင့် ပြင်းထန်သည့်စစ်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

SSPP/SSA အဖွဲ့သည် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် တပ်မတော်က ဘဝတူ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့တချို့ကို တပြိုင်တည်း လက်မှတ်ထိုးရန် ကန့်သတ်ခဲ့သဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်မထိုးသေးဟု ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။

Loading