နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ကိုယ်စားပြုသော အစိုးရ အာဏာရရှိနေပြီဖြစ်၍ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး နည်းလမ်း ၂ သွယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီလ ၇ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးအကျဉ်းသား၊ ကျောင်းသားများ လွတ်မြောက်ရေးကို ဖွဲ့စည်းပုံအ ခြေခံ ဥပဒေ အပိုဒ် ၁၊ အပိုဒ်ခွဲ(က)နှင့် (ဂ) တို့အရ ဆောင်ရွက်ပေးနိုင်သည့်အတွက် ၎င်းတို့ကိုအသုံးပြုကာ ကြိုးပမ်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောထားသည်။
“ဒါဟာ ဒီမိုကရေစီအစိုးရ တရပ်အနေနဲ့ မဖြစ်မနေလုပ်ရမှာပါ၊ အမြန်ဆုံးလွတ်မြောက်လာဖို့ မျှော်လင့်နေ ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
လက်ရှိအကျဉ်ထောင်းများတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်သား ၁၂၁ ဦး၊ ထောင်တွင်းမှ အမှုရင်ဆိုင်နေရသူ ၁၁၆ ဦးနှင့် အပြင်မှ အာမခံဖြင့် အမှုရင်ဆိုင်နေရဆဲမှာ ၂၉၈ ဦးရှိကြောင်း ဦးဘိုကြည်က ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မပိုပိုက “နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ ကျမတို့အများကြီး မျှော်လင့်ထားတာ၊ အခုကြေညာချက်နဲ့ ပတ်သက်ပြီးလဲ ကြိုဆိုတယ်၊ ကျမတို့ကတော့ အိမ်ပြန်ရောက်ပြီဆိုမှပဲ လွတ်ပြီးပြောလို့ရမှာပါ”ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀၄၊ ပုဒ်မခွဲ(က)၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ပုဒ်မခွဲ(၁) တို့အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀၄၊ ပုဒ်မခွဲ(ခ) အရ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောပြစ်မှုများတွင် လူတယောက်ကို စွဲဆိုထားသောအမှုမှ စီရင်ချက်မချမီ ပြစ်မှုတရပ်ရပ်ဖြင့်ဖြစ်စေ၊ ပြစ်မှုအများဖြင့်ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုတ်သိမ်းနိုင်ကြောင်းလည်း သိရသည်။