နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး ပြီးမြောက်ရန် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက်သွားမည်ဟု နှစ်သစ်ကူး မိန့်ခွန်း တွင်ထည့်သွင်းပြောဆိုသွားသည်။
“ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့အဖွဲ့အစည်းများ ပါဝင်အောင် ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့နှင့်သာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် “ဝ” ပြည်သေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (MNSP) တို့အပါအဝင် အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ လက်နက်ကိုင် တပ်ဖွဲ့များလည်း ကျန်ရှိနေဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရက လုပ်ဆောင်ခဲ့သည့်လုပ်ရပ်များအားလုံးကို ပစ်ပယ်လိုတဲ့ စိတ်ဓာတ်မျိုးမရှိဘဲ အပစ်အခတ် ရပ်စဲရေး စတင်ပြီး လုပ်ခဲ့သည့် အပေါ် တန်ဖိုးထားကြောင်း၊ ကောင်းသော အရာများလုပ်ခဲ့သည့်အပေါ် အသိအမှတ်ပြု ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
ထို့အပြင် တရားဥပဒေ စိုးမိုးမှုမရှိဘဲ ငြိမ်းချမ်းရေးတည်ဆောက်၍ မရကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံများကတဆင့် နိုင်ငံသူ၊ နိုင်ငံသားများ လိုလားတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ရန်အတွက် ဆက် လက် လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခုနကပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ဟာ အင်မတန် မှ လေးလေးနက်နက်ကို ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့်နေရာတွင် ပြည်သူလူထုကို ထိခိုက် နစ်နာမှုမရှိစေဘဲ နိုင်ငံ၏ အေးချမ်းမှုကို ထိခိုက် သော နည်းလမ်းများကို အသုံးပြုမည်မဟုတ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။
“ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲကိုင်စွဲခဲ့တဲ့မူပါ။ ပြည်သူ မနာစေရပါဘူး။ လုပ်စရာရှိရင် ကျွန်မတို့ ရှေ့ကနေ ခံစရာရှိရင်ခံပါမယ်။ အနောက်ကနေ ကာစရာရှိရင် ကာပါမယ်။ ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေသာ သုံးစွဲပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံကိုမှန်ကန်တဲ့လမ်းပေါ်ကိုပို့ဖို့ ဆိုတာဟာ ကျွန်မတို့အခု အစိုးရသစ်ရဲ့ အင်မတန်မှခိုင်မာတဲ့ အခြေခံမူ တစ်ခုဖြစ်ပါတယ်လို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
နှစ်ပေါင်း ၆၀ ကျော် ကြာဖြစ်ပွားခဲ့သော ပြည်တွင်း စစ်ပွဲများ ရပ်စဲနိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် အများပြည်သူက မျှော်လင့်နေကြသည့် အပြင် အစိုးရသစ် အနေဖြင့် မည်သို့မည်ပုံ လုပ်ဆောင်မည်၊ လုပ်ဆောင်လျှင်လည်း အတားအဆီး အခက်အခဲများကြောင့် ထိထိရောက်ရောက် ဖြစ်နိုင်မည် လား ဆိုသည့် စိုးရိမ်နေမှုများလည်း ရှိနေသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၄ နှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တက်သုတ်ရိုက် လက်မှတ်ထိုးခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်ရေးထိုးနိုင်ခြင်းမရှိဘဲ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားခဲ့သည်။