မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်အတွင်း၌ ကျောင်းထိုင် ဘုန်းကြီးတပါးကို အတူနေ ကိုရင်ကြီးတပါးက ပေါက်ပြားဖြင့် ရိုက် ၍ သေဆုံးမှုတခု ဖြစ်ပွားခဲ့ကြောင်း အမရပူရ ရဲစခန်းမှ သတင်းရရှိသည်။
အမရပူရမြို့အဝင် စစ်ကိုင်း-မန္တလေး ကားလမ်းမကြီး ဘေးရှိ ဒေါ်စိန်ရင် အုတ်ကျောင်းတိုက်မှ သက်တော် ၃၇ နှစ်၊ ဝါတော် ၁၇ ဝါရှိ ဆရာတော် ဦးပညာသီရိသည် ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းက ကျောင်းဝင်းအတွင်း တပါးတည်းကျိန်းစက်နေစဉ် အတူနေ ကိုရင်ကြီးက ပေါက်ပြားဖြင့် ဦးခေါင်းကို ရိုက်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရသဖြင့် အမရပူရ ရဲစခန်း တာဝန်ရှိသူများက လိုက်လံ ရှာဖွေဖမ်းဆီးရာမှ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုရင်ကြီး ဦးဇော်ဝင်း မိသားစုသည် ဆရာတော် ဦးပညာသီရိ ငယ်စဉ်အခါက ဆရာတော်အား ထောာက်ပံ့ပေးခဲ့သည့် မိသားစု ဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဆရာတော်အား ယခုကဲ့သို့ ပြုလုပ်သည်ကိုမူ မခန့်မှန်းနိုင်ကြောင်း အမရပူရ ဒေသခံများက ပြောပြသည်။
ပေါက်ပြားဖြင့် ရိုက်သတ်သည် ဆိုသော အမရပူရမြို့နယ် ငယ်တိုးကျေးရွာ အုပ်စု ယာမြင်တိုင် ကျေးရွာမှ ကိုရင်ကြီး ဇော်အောင် (အသက် ၄၀)ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမရပူရ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။