မြန်မာနိုင်ငံသား၊ ကချင်တိုင်းရင်းသူ အေပီ(Associated Press) သတင်းထောက်တဦးဖြစ်သူ အက်စတာ ထုဆန် သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ် (Columbia University) က ချီး မြှင့်သည့် ပူလစ်ဇာဆု(Pulitzer Prize ) ကို အေပီသတင်းဌာနမှ အမျိုးသမီးသတင်းထောက် ၃ ဦးနှင့်အတူ ရရှိကြောင်း သိရှိရသည်။
အက်စတာထုဆန်သည် ဧပြီ ၁၈ ရက်နေ့ အမေရိကန် နိုင်ငံတွင် ကျင်းပသည့် သတင်းစာပညာရပ်ဆိုင်ရာ ပူလစ် ဇာ ဆုပေးပွဲတွင် Public Service ဆုကို အေပီ သတင်းဌာနမှ အမျိုးသမီးသတင်းထောက် သုံးဦးနှင့်အတူ ရရှိ ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ကျွန်းများတွင် ရေလုပ်ငန်းများဆိုင်ရာ လုပ်ငန်းခွင်များအတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရမှုများနှင့် ကျွန်ပြုစေခိုင်းခံနေရသည့် ရေလုပ်သားများအကြောင်း စုံစမ်း ဖော်ထုတ် ရေးသား ထားသည့် “SEAFOOD FROM SLAVES” ဆောင်းပါးဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
အက်စတာထုဆန်နှင့်အတူ Robin McDowell (ယခင်က ရန်ကုန်အခြေစိုက် AP , Correspondent), Margie Mason (Indonesia AP Bureau Chief), Martha Mendoza (AP National Writer, California, USA) တို့ လည်း ပူလစ်ဇာဆုရရှိခဲ့ကြောင်း သိရှိရသည်။
“SEAFOOD FROM SLAVES” ဆောင်းပါးကြောင့် ကျွန်လုပ်သားကဲ့သို့ လုပ်ကိုင်နေရသည့် ရေလုပ်သား ၂၀၀၀ ကျော်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး လွတ်မြောက်လာသူများထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်ခဲ့သည်။
အေပီသတင်းဌာန၏ သတင်းထောက်ဟောင်းဖြစ်သူ ဒေါ်အေးအေးဝင်း က “သူတို့ရဲ့ ရေးသားမှုက သူများနိုင်ငံ မှာ သောင်တင်နေတဲ့ ရေလုပ်သားတွေကို ကယ်လိုက်နိုင်တယ်၊ ဒီဆုဟာလည်း သူတို့ရဲ့ ကြိုးစားမှုနဲ့ ထိုက်တန် ပါတယ်၊ သတင်းထောက်လုပ်ငန်းဟာ လူတွေကို သတင်းပေးရုံ၊ အသိပညာပေးရုံမဟုတ်ဘဲ လွတ်မြောက်မှု ပါပေးလိုက် တာပါ၊ အန်တီ အရမ်းဝမ်းသာပါတယ်”ဟု ပြောသည်။
အဆိုပါ သတင်းဆောင်းပါးဖြင့်ပင် ပူလစ်ဇာ ဆုအပြင် George Polk , Barlette & Steele Investigative Business Journalism Award, Goldsmith Investigative Reporting Prize နှင့် Selden Ring Award for probe of seafood produced by slaves (Los Angeles) ဆုတို့လည်း ရရှိထားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က “ဒီသတင်းရဲ့ အကျိုးဆက်က အများကြီး သက် ရောက်မှု ရှိခဲ့ပါတယ်၊ နှစ်များစွာ ကျွန်ပြုခံရသလိုဖြစ်နေတဲ့ သူတွေကို ကယ်လိုက်နိုင်တယ်၊ မြန်မာနိုင်ငံသား တွေလည်း ပြန်လွတ်လာတယ်။ ဆုနဲ့ပတ်သက်လို မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိ စေပါတယ် ”ဟု ပြောသည်။
အက်စတာ ထုဆန် အနေဖြင့် သတင်းပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကြီးမားသည့် ပူလစ်ဇာ ဆုပေးပွဲသမိုင်းတွင် မြန်မာ နိုင်ငံသားတဦးအနေဖြင့် ပထမဆုံးဆုရရှိသူတဦးလည်း ဖြစ်သည်။
ပူလစ်ဇာဆုကို ၁၉၁၇ ခုနှစ်တွင် ဟန်ဂေရီနွယ်ဖွား အမေရိကန်နိုင်ငံသား သတင်းစာတိုက်ပိုင်ရှင် Joseph Pulitzer က တီထွင်ဖန်တီးထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်က စီမံခန့် ခွဲကြောင်း၊ အထူးသဖြင့် စာပေ၊ သတင်းစာပညာ၊ ဂီတ အပါအဝင် ဘာသာရပ် ၂၁ မျိုးအတွက် ဆုများ ချီးမြှင့်ခြင်းဖြစ်ပြီး နှစ်စဉ် ဆုချီးမြှင့်ကြောင်း၊ ဆုရရှိသူများသည် ဂုဏ်ပြု လက်မှတ်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရရှိကြောင်း၊ ၂၀၁၆ ခုနှစ်သည် ပူလစ်ဇာဆုချီးမြှင့်ခဲ့မှု နှစ် ၁၀၀ ပြည့်ပြီဖြစ်ကြောင်း သိရှိရသည်။