စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြက်မွေးမြူရေးုဇုန်တွင် ယခင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး ရောဂါ H5N1 ထက် အန္တရာယ် ပိုများသည် ဆိုသည့် H9N2ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိသောကြောင့် ဧပြီလ ၃ ရက်မှ ၁၈ ရက်အထိ ကြက်ကောင်ရေ ၂၀၀၀၀ နီးပါး(၁၈၅၀၀ ကျော်) သုတ်သင် ရှင်းလင်းခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
ယခုနှစ် မတ်လ ကုန်ခါနီးတွင် ကြက်ခြံများရှိ ကြက်များ ပုံမှန်မဟုတ်သော သေဆုံးမှုရှိလာခဲ့သဖြင့် မန္တလေးသို့ ပို့ဆောင်စစ်ဆေး ရာ မှ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သဖြင့် သုတ်သင်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ရောဂါပျံ့နှံ့မှု အခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့် လျက် ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပြသည်။
“ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပါပြီ၊ လူကို ကူးစက်တာ မရှိသေးပါဘူး”ဟု ၎င်းက ဆိုသည်။
ဌာနဆိုင်ရာများနှင့် စုပေါင်း၍ ရောဂါထိန်းချုပ်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီး နေ့စဉ်လှည့်လည် စစ်ဆေးလျက်ရှိကြောင်းလည်း ဦးစိုးစိုးဇော်က ဆက်လက် ပြောဆိုသည်။
ယင်း H9N2 ဗိုင်းရပ်စ်ပိုးကို မုံရွာတွင် ပထမဆုံး တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်တွင် ဧပြီလဆန်းပိုင်းမှ စတင်ကာ ပုံမှန်မဟုတ်သော ကြက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို သြစတြေးလျနိုင်ငံ Geelong ဒေသရှိ တိရစ္ဆာန် ကျန်းမာရေး ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေး ထား ကြောင်း နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနကလည်း ပြော သည်။
“သြစတြေးလျကို ပို့ထားတဲ့ အဖြေစောင့်နေတယ်။ အဖြေရရင်တော့ ဘာဖြစ်လဲဆိုတာ အတိအကျ ကြေညာပေးမှာပါ။ ဒီပြဿနာက ပြည်သူ့ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့အတွက် ဇီဝလုံခြုံမှု မြှင့်တင်ရေး လုပ်ငန်းတွေကို အဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက် နေ ပါတယ်”ဟု နေပြည်တော် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(တိမွေး/ကု)မှ ဒု ညွှန်ကြားရေးမှူး အဆင့်ရှိ အမျိုးသမီး ဝန်ထမ်း က ဧရာဝတီသို့ ပြောသည်။
ကြက်ခြံများကို စောင့်ကြည့်ပြီး ယခင်ထက် ဇီဝလုံခြုံရေး အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားသည်။
ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို မုံရွာမြို့တွင် ဧပြီလ ၃ ရက်နေ့က ဦးဖုန်းမြင့်ကျော်၏ ကြက်ခြံတွင် ပုံမှန်မဟုတ်သော ကြက် သေ ဆုံးမှု များ ဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာ တိမွေး/ကု ဌာနသို့ အကြောင်းကြားလာသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကြက်ငှက် တုပ် ကွေး Type A ဖြစ်ကြောင်း အတည်ပြုနိုင်သဖြင့် ကြက်ခြံပိုင်ရှင်၏ သဘောတူညီမှုအရ ကြက်ကောင်ရေ ၅၅၀ ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရ သည်။
ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒေသခံ အာဏာပိုင်များနှင့် တိမွေး/ကု ဦးစီးဌာနတို့မှ ကြက်မွေးမြူရေး ဇုန်အတွင်းရှိ ကြက်ခြံများကို ဆက်တိုက် စစ်ဆေးခဲ့ရာ ကြက်သေဆုံးမှုများ ဆက်လက်တွေ့ရှိခြင်း၊ Type A ဗိုင်းရပ်စ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း တို့ကြောင့် ဧပြီလ ၁၇ ရက်အထိ ကြက်ခြံပိုင်ရှင် ၂၇ ဦး မွေးမြူထားသည့် ကြက်ခြံ ၂၉ ခြံမှ ကြက်ကောင်ရေ ၁၄၂၁၂ ကောင်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း နေပြည်တော် တိမွေး/ကု ဦးစီးဌာနမှ အချက်အလက်များက ဆိုသည်။
ရောဂါပိုး ကူးစက်ခံရသည်ဟု ယူဆရသော ကြက်ခြံများကို ကြက်ခြံ ပိုင်ရှင်များနှင့် ညှိနှိုင်းပြီး သုတ်သင်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ခြံ ပိုင်ရှင် များအား ပြည်ထောင်စု ရန်ပုံငွေမှ ပြန်လည်ထောက်ပံ့ ပေးသွားရန် အစီအစဉ်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှလည်း သိရသည်။
လက်ရှိ မုံရွာ ကြက်မွေးမြူရေး ဇုန်တွင် ကြက်ခြံပေါင်း ၂၄၆ ခြံရှိပြီး ကြက်ကောင်ရေ တသိန်း သုံးသောင်း ဝန်းကျင် ရှိကြောင်း၊ ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ကလည်း ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ တသိန်း လေးသောင်း ကျော်နှင့် ငုံးကောင်ရေ ၅ သိန်းကျော်ကို သုတ်သင် ရှင်းလင်းခဲ့ရကြောင်း မုံရွာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြ ထားသည်။
ထက်နိုင်ဇော် ပူးပေါင်း ရေးသားသည်။