သမ္မတ ဦးထင်ကျော် အစိုးရသစ်နှင့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ကြိုတင် ပြင်ဆင်မှု ပြုလုပ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစိုးရနှင့် အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးရသေးသော UNFC အဖွဲ့ ဝင်များ ဧပြီလ ၁၉ ရက်နေ့မှစ၍ တွေ့ဆုံကာ အစိုးရသစ်နှင့် အပစ် ရပ်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးလျက်ရှိပြီး ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေး နေကြ ကြောင်း၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS ) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့ကြား ဖြစ် ပွားနေသည့် ပဋိပက္ခ အခြေအနေ ဖြေရှင်းရေးအတွက် ဖွဲ့စည်းထားသော စေ့စပ်ညှိနှိုင်းရေးအဖွဲ့၏ ဆောင်ရွက်ထားမှု နောက်ဆုံး အခြေအနေ ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစည်းအဝေးသည် ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
UNFC ဒုဥက္ကဌ နိုင်ဟံသာ က “အစိုးရသစ်ရဲ့ သဘောထားကို ကြားမိသလောက်လည်း ကြားမိထားပြီး ဖြစ်တယ်။ အဲဒီတော့ မကြာခင်မှာ ခန့်မှန်းချက်အရပေါ့ဗျာ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပေါ့လေ။ အဓိကအားဖြင့်တော့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးကိစ္စကို ပြန်လည်ပြီး တော့ ညှိနှိုင်းရမယ်ဆိုတော့ အဲဒီအတွက်ကို ပြင်ဆင် ထား တာပါ” ဟု သတင်းထောက်များကို ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဧပြီ၁၈ ရက်နေ့တွင် ပြောကြားခဲ့သော နှစ်သစ်ကူး မိန့်ခွန်း တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး ပြီးမြောက်ရန် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက်သွားမည် ဟုလည်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များက ကြိုဆိုလိုက်ပြီး အဆိုပါ မိန့်ခွန်းသည် တိုင်း ရင်းသားများ၏ တောင်းဆိုချက်များနှင့် တူညီ၍ အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲ များအတွက် အလားအလာ ကောင်းဖွယ်ရှိကြောင်း ပြော ဆိုကြသည်။
ထို့ပြင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်မတော် (ULA/AA)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့အကြား ပေါင်းစည်းနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် ဦးသိန်းစိန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ရေးဆွဲထားသော နိုင်ငံရေး မူဘောင်တို့ကိုလည်း အစည်းအဝေးတွင် ပြန်လည် ဆွေးနွေး သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။