ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၅ခုမှ နေအိမ်များသည် ယမန်နေ့ နေ့ လည်ပိုင်း တွင် လေပြင်းတိုက်ရာမှ ပျက်စီးသွားသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် နေစရာ ခက်ခဲနေကြောင်း စုံစမ်း သိရှိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးသွားသော ကချင်စစ်ဘေးရှောင် ဒုက္ခသည် စခန်းများမှာ မဂါးယန်၊ ဆိုင်းအောင်၊ မိုင်တိုင် ၈၊ ပါဂျောင် နှင့် ဖရဲ စစ်ဘေးရှောင် စခန်းတို့ဖြစ်ကြောင်း၊ ပျက်စီးသွားသည့် စစ်ဘေးရှောင် လူနေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ခက်ခဲနေကြောင်း၊ ပြုပြင်ရန်အတွက်လည်း လူသားစာနာထောက်ထားသည့် အဖွဲ့ကို အကူအညီ တောင်းခံသွားမည် ဟု ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဇော်ရော် က ဧရာဝတီသို့ပြောသည်။
“မဂါးယန်မှာတော့ အိမ်ခြေ ၂၀၀ကျော်၊ ဆိုင်းအောင်မှာတော့ ၁၀၀ကျော် ကျန်တာတော့ အနည်းငယ် ပဲပျက်စီးပါတယ်။ အခုလောဆယ် ဒုက္ခသည်တွေကို ဘုရားကျောင်းဆောင်၊ စာသင်ကျောင်းဆောင်တွေမှာ ထားနေရပါတယ်။ လောဆယ် နေစရာ ဆောက်ဖို့ အတွက် အမိုးအကာတွေ လိုအပ်နေပါတယ်” ဟု ဦးဇော်ရော်က ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်စခန်းသည် ၅နှစ်အတွင်း ဝင်ရောက်လာပြီဖြစ်သဖြင့် ဒုက္ခသည်များနေသည့် အိမ်ခြေမှာ ခိုင်ခံ့မှု မရှိတော့ကြောင်း၊ ပြန်လည်ဆောက်လုပ်ရန်အတွက်လည်း အထောက်အပံ့ များ လိုအပ်သဖြင့် ပြန်လည် မဆောက်နိုင် သေးကြောင်းကိုလည်း ၎င်းက ထပ်မံဆိုသည်။
မိုးရာသီ ရောက်တော့မည် ဖြစ်သဖြင့် ဒုက္ခသည်များသည် အဆောက်အအုံများကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ပြုပြင် နေရ ကြောင်း ဒုက္ခသည် စခန်းအတွင်း နေထိုင်ကြသူများက ပြောဆိုသည်။
အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ပြီး တိုက်ပွဲများ ယနေ့ချိန်ထိ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။