သတင်း

တပ်မတော်နှင့် AA အဖွဲ့ ထိတွေ့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA) တို့ကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း AA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်သုက ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့နယ် လောရမတောင် နယ်မြေအနီး ဧပြီ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး တပ်မတော် စစ်ကြောင်းများ ထပ်မံတိုးလာကြောင်းလည်း AA ဘက်က ပြောသည်။

ကိုခိုင်သု က “အစိုးရတပ်ဘက်က စစ်ကြောင်းတွေ ထပ်တိုးလာတယ်၊ ဒီအတိုင်းဆိုရင် တိုက်ပွဲထပ်ဖြစ်မယ့် အခြေအနေရှိတယ်၊ အခုလည်း သူတို့က လက်နက်ကြီးနဲ့ တောင်ကုန်းတွေဘက်ကို လှမ်းပစ်နေတာတွေ ရှိတယ်”ဟု ဆက်ပြောသည်။

AA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ယာယီ တပ်ရင်းမှူး တဦးနှင့် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ကြောင်း တပ်မတော်က ဧပြီ ၁၉ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာ ကတဆင့် သတင်းထုတ်ပြန်ခဲ့ရာ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် AA တပ်ဖွဲ့ကို အပြီးတိုင် ချေမှုန်းနိုင်ရေး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ပါရှိသည်။

တိုက်ပွဲအတွင်း AA တပ်ဖွဲ့များ၏ ယာယီအခြေစိုက်နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်နှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းလည်း တပ်မတော်ဘက်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

၂၀၁၅ ခုနှစ်အတွင်းကလည်း တပ်မတော်နှင့် AA တို့ကြား ပလက်ဝ နှင့် ကျောက်တော်မြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး AA တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခိုင်အမာနယ်မြေတည်ဆောက်ရန် ဝင်ရောက်လာခြင်းကြောင့် နယ်မြေရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်းလည်း တပ်မတော်ဘက်က ဆိုထားသည်။

AA ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်သု က“ရက္ခိုင့်တပ်မတော် ရခိုင်မှာ အခြေစိုက်တာ ပြောနေစရာမလိုတဲ့ ကိစ္စပါ၊ ကျနော်တို့ကတော့ အစိုးရသစ် လက်ထက်မှာ အကောင်းဆုံး မျှော်လင့်ထားပေမယ့် အခုထိတော့ သေနတ်သံတွေ မရပ်သေးပါဘူး”ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်စဉ်အတွင်း ကျောက်တော်မြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် ကန်စောက်ကျေးရွာအနီးရှိ ကျေးရွာတချို့မှ စစ်ဘေးရှောင် ထွက်ပြေးလာရသည့် ဒေသခံများရှိပြီး ၎င်းတို့အား တူးမြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေရာပေးထားရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

AA တပ်ဖွဲ့သည် ဦးသိန်းစိန်လက်ထက် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ထိုးထားခြင်းမရှိသည့် အဖွဲ့ဖြစ်ပြီး ကိုးကန့်ဒေသ တိုက်ပွဲများတွင် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ သည့် အဖွဲ့ဖြစ်သည်။

Loading