ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် (ခေါ်) လိပ်ကျွန်းတွင် ဖြစ်ပွားသော လူသတ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ စတုတ္ထအကြိမ်မြောက် အယူခံအတွက် တလ ရက်တိုးပေးရန် လျှောက်ထားချက်ကို ထိုင်းတရားရုံးက နောက်ဆုံးအကြိမ် အနေ နှင့် လက်ခံလိုက်ကြောင်း သိရသည်။
“အယူခံတင်တာကတော့ အမှုအတွက်လိုအပ်နေတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိသေးတဲ့အတွက် ထပ်တင်တာပါ။ အခု လက်ခံ လိုက်ပြီဆိုတော့ ဆက်ပြီးဆောင်ရွက်ရမှာပါ။ တရားရုံးကတော့ ဒါနောက်ဆုံးအကြိမ်လို့ သတိပေးလိုက်ပါတယ်”ဟု လိပ်ကျွန်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပြသည်။
တရားခံမြန်မာနိုင်ငံသား နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက လျှောက်ထားသော အဆိုပါအယူခံကို ထိုင်းတရားရုံးက ဧပြီလ ၁၉ ရက်တွင် လက်ခံလိုက်ခြင်းဖြစ်ပြီး မေလ ၂၃ ရက်၌ အယူခံရက် ကုန်ဆုံးမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။
လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က လူသတ်မှုပါအဝင် ပုဒ်မ ၇ ခုဖြင့် ကော့စမွေ တရားရုံးက သေဒဏ်ချမှတ်ခဲ့သဖြင့် ထိုမြန်မာနိုင်ငံသားနှစ်ဦး ဘက်မှ အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက အယူခံတင်သွင်းခြင်း ဖြစ်သည်။
ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအဖွဲ့က အမှုအတွက်လိုအပ်သည့် အချက်အလက်များ ယူဆောင်ရန် ကိုဇော်လင်းနှင့် ကို ဝင်းဇော်ထွန်း တို့အား ချုပ်နှောင်ထားသည့် ဘန်ကောက်မြို့ရှိ ဘန်ခဝမ် အကျဉ်းထောင်သို့ မတ်လ ၂၅ ရက်က သွားရောက်ခဲ့ကြောင်း၊ သို့သော် ဘာသာပြန်များကို အကျဉ်းထောင်တာဝန်ရှိသူများက ဝင်ခွင့်တားမြစ်ခဲ့သဖြင့် လိုအပ်သည့်အချက်အလက်များ ရယူနိုင်ခြင်း မရှိဘဲ ကြန့်ကြာမှုဖြစ်ကာ ယခုကဲ့သို့ အယူခံရက် တိုးတောင်းရခြင်း ဖြစ်ကြောင်း သိရသည်။
ရှေ့နေ ဦးအောင်မျိုးသန့် “ဘန်ခဝမ် အကျဉ်းဦးစီးဌာနမှာ ရှေ့နေတွေကို ဝင်ခွင့်ပြုပြီးတော့ ဘာသာပြန် အမျိုးသမီးကို ဝင်ခွင့်မပြုခဲ့ဘူး။ အဲဒါက ဥပဒေအရ လွဲမှားနေတယ်ဆိုတာ ပေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံတွေဟာ နိုင်ငံခြားသား၊ မြန်မာလူမျိုး အဲဒီတော့ ထိုင်းရှေ့နေများကောင်စီနဲ့ စကားကို ဘယ်တော့မှ တိုက်ရိုက် မေးမြန်းစုံစမ်းလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဘာသာပြန် အဆင့် ခေါ်သွားတယ်။ အဲဒါကို လွဲမှားပြီးတော့ ယာယီ ထောင်ပိုင်ကြီးကနေပြီး ခွင့်မပြုခဲ့တာပါ”ဟု ပြောသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် ချမှတ်ခြင်းခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးသည် ဘန်ကောက် ဘန်ခဝမ်အကျဉ်းထောင် ထဲတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး တက်တက်ကြွကြွ ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်ဟုလည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း တွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထိုလူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က မူလအစတွင် ထွက်ဆိုခဲ့ကြသော်လည်း နောက်ပိုင်း တရားရုံးချိန်းများ၌ ထိုင်းရဲ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကိုမကျူးလွန်ကြောင်း ပြန်လည်ထွက်ဆို ခဲ့ကြသော်လည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။