နာမည်ကြီး အမေရိကန် သတင်းမဂ္ဂဇင်း တိုင်းမ်တွင် ကမ္ဘာပေါ်ရှိ ဩဇာအရှိဆုံး လူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ဖော်ပြလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွက် ရွေးချယ်မှုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကာ အမေရိကန်သမ္မတ အိုဘားမားက ရေးသားပေးထားသည်။
အိုဘားမားသည် ၂၀၁၂ တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော အမေရိကန်သမ္မတဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ထောက်ခံခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ပုဂ္ဂိုလ်ရေးခင်မင်မှု ဆက်ဆံရေးဖြင့် “မျှော်လင့်ချက် မီးအိမ်”ဟု ခေါင်းစဉ်တပ်၍ အိုဘားမားက အောက်ပါအတိုင်း ရေးသည်။
“ရုံးခန်းထဲမှာ သူ့ကို ကြိုဆိုတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိတ်ငြိမ်တဲ့ သိက္ခာဟာ ကျနော့်ကို ရုတ်ချည်း ဖမ်းစားလိုက်တယ်။ သူဟာ စကားကို ပျော့ပြောင်းညင်သာစွာ ပြောတယ်။ ဒါပေမယ့် ပြင်းပြတဲ့ သန္နိဋ္ဌာန်က တွန်းအားပေးနေတယ်။ သူချစ်တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ရရှိရေး ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်နေခဲ့ဖူးတယ်။ ၂ လအကြာ ရန်ကုန်က ရိုးရှင်းတဲ့ သူ့အိမ်ကို ရောက်သွားတော့လည်း သည်လေဒီဟာ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ မေတ္တာနဲ့ ကရုဏာအကြောင်း အမြဲမပြတ် လေ့လာသင်အံနေတာ ကျနော်တွေ့ခဲ့ရတယ်။
ဒီနေ့အချိန်မှာ အကျဉ်းထောင်ကနေ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီခေါင်းဆောင်ထိ ခရီးကို ဖြတ်သန်းခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနှစ်က ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်တဲ့ ပါတီကို ခေါင်းဆောင်နေပါပြီ။ အခု ဒေါ်စုဟာ နှစ် ၅၀ ကျော်အတွင်း တိုင်းပြည်မှာ ပထမဆုံး တက်လာတဲ့ အရပ်သားအစိုးရကို လမ်းပြနေပါပြီ။ မြန်မာပြည်က စိန်ခေါ်ချက်တွေ တောင်ပုံရာပုံ ရင်ဆိုင်ရဆဲပါ။ အောင်မြင်မှုကတော့ နှစ်ပေါင်းရှည်ကြာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းနိုင်မှု၊ တိုင်းရင်းသား အားလုံးနဲ့ ဘာသာပေါင်းစုံတို့ရဲ့ လူ့အခွင့်အရေးတွေ တိုးတက်လာနိုင်မှုတွေအပေါ် မှီတည်ပါလိမ့်မယ်။ ဒီမိုကရေစီဟာ ပိုခမ်းနားတဲ့ ကတိကဝတ်နဲ့ ချမ်းသာကြွယ်ဝမှုတို့ရဲ့ အနာဂတ်တခုကို ယူဆောင်လာဖို့ပဲ ဖြစ်တယ်။
“ကျမတို့ လူသားတွေဟာ မပြီးပြည့်စုံမှုတွေနဲ့ ရှုပ်ထွေးနေတာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါပေမယ့် သူထပ်ပြောတာက “မပြီးပြည့်စုံမှုတွေ ရှိနေလင့်ကစား ဒီမိုကရေစီဟာ ကျမတို့ အားလုံးအတွက် မျှော်လင့်ချက်မီးအိမ်ပါ”တဲ့။ အခုတော့ အမြဲတမ်းထက်ပိုပြီး သည်လေဒီဟာ တရားမျှတမှုကို ရှာဖွေနေတဲ့ သန်း ၅၀ ကျော် လူသားတွေအတွက်နဲ့ ကမ္ဘာတလွှားက သန်းပေါင်းများစွာသော လူသားတွေအတွက် မျှော်လင့်ချက်မီးအိမ်ဖြစ်လို့နေခဲ့ပြီ။